ရှေးပုဂံခေတ် ပေါင်းကူးနည်းပညာ

Typical Vaulting technique in Bagan

မြန်မာ့အမွေအနှစ်တခုဖြစ်တဲ့ ပုဂံဒေသ ရှေးဟောင်း အဆောက်အဦး လက်ရာတွေမှာ ဘယ်လို ထူးထူးခြားခြား ကွဲပြားတဲ့ နည်းပညာမျိုး သုံးပြီး တည်ဆောက်ထားတယ် ဆိုတာကို ပြောပြမှာပါ။

မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကမ်းနဖူးပေါ်က ပုဂံဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်လောက်က ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းကြီး လက်ထက်ကစပြီး ဆောက်လုပ်ခဲ့ကြတဲ့ အဆောက်အဦးတွေကို အံ့မခန်း တွေ့နေကြရပါတယ်။

မြန်မာ့လက်ရာတွေဟာ အာရှဒေသမှာ အိန္ဒိယ ဟိန္ဒူ နွယ် ယဉ်ကျေးမှု လက်ရာအဖြစ်နဲ့ သတ်မှတ်ထားသလို အနုပညာနဲ့ ပိသုကာ ပညာမှာ ဆင်ဆင်တူပေမယ့် ထူးခြားတဲ့ နည်းစံနစ်မျိုးကို သုံးထားတာ တွေ့ရတယ်လို့ ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်

“ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာပြည် နောက်ပြီး အိန္ဒိယ နောက် သီရီလင်္ကာ ပေါ့လေ။ အဲဒီအုပ်စုကြီး တခုလုံးကို ထေရဝါဒ ယဉ်ကျေးမှု အုပ်စုပေါ့။ သူက ဘာသာရေးနဲ့တင် မဟုတ်ပဲနဲ့ နည်းပညာ technology အားဖြင့်ဖြစ်စေ။ အနုပညာ art နဲ့ ဗိသုကာပညာ architecture အရလည်း အုပ်စုဖွဲ့လို့ရပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး လွှမ်းမိုးမှု အကြီးအကျယ်တော့ တရုတ်နဲ့ မြန်မာ မတွေ့ရဘူး။ နဲနဲပါးပါး တချို့တလေ ဥပမာ စဉ့်လုပ်တဲ့ ကိစ္စလေးတွေ၊ glazing လို့ခေါ်တာပေါ့။ အဲဒါလေးတွေ သွားတွေ့ရပါတယ်။ ဒါကလည်းပဲ တိတိကျကျ တရုတ်ဆီက လာတယ်လို့ ပြောလို့ မရပါဘူး။

အခြေခံကစပြီးကြည့်ရင် အုတ်ဖုတ်တဲ့ နည်းကအစ အကုန်လုံး ဒီတလျောက်မှာ မြန်မာ က သရေခေတ္တရာ အပါအဝင်ပေါ့ ပုဂံရဲ့ အထူးသဖြင့် နည်းပညာ technology အားဖြင့်ထူးခြားချက်ကတော့ အင်္ဂလိပ်လို vaulting လို့ခေါ်ပြီးတော့ မြန်မာလိုတော့ ပေါင်းကူးတယ်လို့ ခေါ်တာပေါ့။ အဲဒီပေါင်းကူးတဲ့ နည်းပညာက အိန္ဒိယမှာရော၊ ဒီနားတဝိုက်မှာ ရှိတဲ့ အရှေ့တောင်အာရှဒေသ နိုင်ငံတွေမှာပါ မတွေ့ရပဲနဲ့ မြန်မာပြည်မှာ လာပြီး တွေ့ရတယ်”

ပုဂံမှာ သုံးတဲ့ ပေါင်းကူးတည်ဆောက်နည်းဟာ ဥရောပနိုင်ငံတွေမှာသုံးတဲ့ နည်းနဲ့ ကွာပါတယ်။ အဆောက်အဦးတွေမှာ ကာလကြာမြင့်စွာ တည်တန့်နိုင်မယ့် အမိုးအတွက် ရှေးမြန်မာတွေ ဘယ်လို စီမံခဲ့ပါသလဲ။ ဒီပေါင်းကူးအမိုးဟာ ပုဂံတည်ဆောက်ရေးအတွက် ဘယ်လို အရေးပါတာ ပါလဲ

“vaulting ကဘယ်လိုအရေးကြီးလဲ ဆိုရင် ဥပမာ အခန်းတခန်းဆောက်မယ်ဆိုရင် နံရံ လေးခုကို ဆောက်လိုက်တာက ကျောက်တွေကို အုတ်တွေကို စီလိုက်လို့ရှိရင် လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒီနံရံကို ဘယ်လို မိုးမလဲဆိုတဲ့ ပြဿနာတခု တက်လာပါတယ်။ ဒါက ဟိုးသမိုင်းတလျောက်မှာ နှစ်ပေါင်း သုံးလေး ငါးထောင် လောက်ကထဲက စပြီးတော့ ကြုံခဲ့ရတဲ့ ပြဿနာပါ။ အီဂျစ်သားတွေလည်း ဒီပြဿနာ တက်ခဲ့တာပါပဲ။

ဘယ်လို မိုးမလဲဆိုတဲ့ ပြဿနာက အခုခေတ်လို ဒါမှမဟုတ် မြန်မာတွေရဲ့ ထုံးစံ အတိုင်း သစ်သားနဲ့ ဝါးနဲ့ သက်ကယ်နဲ့ မိုးလိုက်တာကတော့ လွယ်တာပေါ့။ သို့သော် ဘုရားတို့လို ကြာရှည်ခံချင်တဲ့ ဘာသာရေး အဆောက်အဦးတို့ကို ဆောက်မယ်ဆိုလို့ ရှိရင် ကြာရှည်ခံမယ့် ပစ္စည်းကို သုံးတော့မှာကိုး။ ဆိုတော့ အဲဒီမှာ ဘယ်လိုမိုးမလဲ ဆိုတာက ပြဿနာပေါ်လာတာပေါ့။

ဒီပြဿနာကို ဟိန္ဒူ ဗုဒ္ဓယဉ်ကျေးမှုက ၂မျိုးဖြေရှင်းတယ်ပေါ့။ တမျိုးက ကျောက်အကြီးကြီးတွေကို stone beam လို့ခေါ်တဲ့ ကျောက်ထုတ် တန်း အကြီးကြီးတွေ ရအောင် လှီးပြီးတော့ တင်ယူရတယ်။ ဆိုတော့ ကျောက်ကြီးတွေကို သွားပြီးတော့ တောင်ကနေခွဲထုတ်ရမယ်။ နောက်တခါ သင့်လျော်သလို ထုတ်တန်းရအောင် လှီးထုတ်ရမယ်။ ဒါ့အပြင် အရင်ခေတ်က ကရိန်းလို မတဲ့ကရိယာတွေ မရှိပဲနဲ့ အပေါ်ကို တင်ယူရမယ်ဆိုတဲ့ ရတော့ရတယ် ဒါပေမယ့် အင်မတန်ကို ပင်ပမ်းတဲ့ ပြဿနာပါ။

စောစောက ပေါင်းကူးတဲ့နည်းကတော့ လွယ်တာပေါ့လေ။ သူက တဖက်ကနေ အုတ်ကို စက်ဝန်းပုံ radially စီသွားတယ်။ နောက်တဖက်ကလည်း စီလာပြီးတော့ အဲဒီ၂ခုက လမ်းမှာ ဆုံတယ်ပေါ့။ အဲဒီအပေါ်ကနေပြီးတော့ keystone လို့ခေါ်တဲ့ ခေါင်ချုပ်ဖြစ်တဲ့ကျောက်နဲ့ အပေါ်ကနေ ဖိထားတယ်ပေါ့။ အဲဒီနည်းကတော့ လွယ်ပြီးတော့ မြန်မြန်ဆန်ဆန် ပြီးတဲ့ နည်းပေါ့။

ဒီပညာကို သရေခေတ္တရာမှာ တွေ့ရတယ်။ ပုဂံမှာတွေ့ရတယ်။ ပုဂံနဲ့ တပြိုင်ထဲမှာ ဆောက်တဲ့ ပခန်းကြီးတို့ ကျောက်ဆည်တို့ အနားတဝိုက်မှာလည်းပဲ တွေ့ရှိရပါတယ်။

ဒါကိုတွေ့ရှိခြင်းဟာ ပုဂံမှာ ဘုရားပေါင်း လေးထောင် ငါးထောင်လောက်ကို နှစ်ပေါင်း သုံးရာလောက် အတွင်းမှာ ဆောက်သွားနိုင်တယ် ဆိုတဲ့ ထူးခြားချက်ပေါ့။ ကျွန်တော်တို့ အာရှဒေသတဝိုက်မှာ ဒီလို အများကြီး စုပြုံပြီး တွေ့ရတဲ့ နေရာရယ်လို့ ပုဂံကလွဲပြီး မတွေ့ရပါဘူး”

စေတီပုထိုးပေါင်း ထောင်နဲ့ချီပြီး ရှိတဲ့ ပုဂံကဆောက်လုပ်ရေး နည်းပညာဟာ ဒေသတွင်းက ကမ္ဘာကျော် အန်ကောဝပ် တည်ရှိတဲ့ ကမ္ဘောဒီးယား နဲ့ ဗောဓေါဗုဒု တည်ခဲ့တဲ့ အင်ဒိုနီးရှား ဒေသက နည်းစံနစ်တွေနဲ့ ဘာကွာပါသလဲ

“အင်ကော်ဝပ်ရဲ့ နည်းပညာ technology နဲ့ ပုဂံ ကျွန်တော်တို့ မြန်မာတွေရဲ့ နည်းပညာက လုံး၀ ကွားခြားပါတယ်။ ဗောဓေါဗုဒု နဲ့လည်း ကွာခြားပါတယ်။ ဗောဓေါဗုဒု က သဘာဝကျောက်ကို သုံးပါတယ်။ အင်ကော်ဝပ်ကလည်း သဘာဝကျောက်ကို သုံးပါတယ်။ ကျွန်တော်တို့ ပုဂံမှာ သဘာဝကျောက်ကို သုံးတယ် ဆိုတာက အတော်လေး ရှားပြီးတော့ သဘာဝကျောက်နဲ့ လုံးဝကြီးဆောက်သွားတာ သို့မဟုတ် အများအားဖြင့် ဆောက်သွားတာဆိုလို့ ဘုရားက ရွှေစည်းခုံရှိတယ်၊ နောက် နန်းဘုရားရှိတယ်။ ကျောက်ဂူဥမင်ရှိတယ်။ အဲဒီလို သုံးလေးဆူ လောက်ပဲရှိပါတယ်။ အများစုကတော့ အုတ်နဲ့ပဲ ဆောက်တယ်။

အုတ်သုံးတဲ့ အကျိုးက ဘာလဲဆိုတော့ သူက မြန်မြန်ဆန်ဆန်ပြီးတယ်။ များများ ဆောက်လို့ရတယ်။ နောက် သယ်ရပြုရတာ လွယ်တယ်ပေါ့။ ဒါ့ကြောင့် ပုဂံမှာ ဘုရားတွေကို မှတ်တမ်းမှတ်ရာ စာပေအရ ကျောက်စာအရ တချို့ဘုရားတွေဆို ၆လ ရလလောက်နဲ့ ပြီးသွားတာ တွေ့ရပါတယ်။ တော်တော်ကို ကြီးကျယ်ခန်းနားတဲ့ အာနန္ဒာ အင်မတန်မှလည်း လက်ရာကောင်းလှတဲ့ အာနန္ဒာ ဆိုလို့ရှိရင် တနှစ်ပဲ တည်ပါတယ်။

တဖက်ကနဲ့ ပြန်ပြီး ယှဉ်ပြောမယ်ဆိုရင် အင်ကောဝပ်ဟာ သူတို့ ပညာရှင်တွေ တွက်ချက်အရဆိုရင် နှစ်ပေါင်း ၃၉နှစ်လောက် ကြာပါတယ်။ လူပေါင်းကလည်း သောင်းနဲ့ချီ ပြီး သုံးရပါတယ်။ ကျွန်တော်တို့မှာ လူပေါင်း ဘယ်လောက်သုံးထားတယ် ဆိုတာ မှတ်တမ်းမှတ်ရာတွေ တိတိ ကျကျ မရှိပေမယ့် ပါဝင်ဆောင်ရွက်တဲ့ တချို့လူတွေ ရေးထားတာကို ကြည့်ခြင်းအားဖြင့်တော့ ဘုရားတဆူကို တနှစ်ပတ်ဝန်းကျင်လောက်ပဲ တည်ပြီးတော့ သုံးတဲ့လူတွေကလည်းပဲ skill labor လို့ခေါ်တဲ့ တတ်ကျွမ်းတဲ့လူတွေ ပဲ သုံးသွားပါတယ်။ လူကို သောင်းနဲ့ချီပြီး မသုံးပါဘူး။ ကျွန်တော်ထင်တယ် လွန်ရောကျွံရော လေးငါးဆယ်ပဲ ရှိပါလိမ့်မယ်။ အဲဒါက ပုဂံမှာ ဘုရားတွေ အများကြီး တည်နိုင်ခဲ့တဲ့ အကြောင်းရင်း တရပ်ပါပဲ”

အိန္ဒိယနွယ် ယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့ ရှေးပုဂံလက်ရာထဲက ပေါင်းကူးတည်ဆောက်ပုံမျိုးဟာ တရုတ်ပြည်မှာ သုံးလေ့ရှိပေမယ့် ဒီနည်းပညာကို တရုတ်ကနေ ရတာမျိုးမဟုတ်ဖူးလို့လည်း သုံးသပ်ပါတယ်

“တရုတ်က ဒါကိုဘယ်မှာသုံးလဲဆိုတော့ တံတားတွေမှာ သုံးတယ်။ နောက်ပြီး သူတို့မှာ underground chambers မြေအောက်ခန်းတွေ ရှိတယ်။ ဟိုးရှေးက တရုတ်တွေရဲ့ ယုံကြည်ချက်က အီဂျစ်တွေလိုပဲ တနေ့မှာ ပြန်ထမယ်လို့ ယုံကြည်မှုထင်တယ်။ သူတို့ မြေကြီးအောက်ထဲမှာ ချမ်းသာတဲ့လူတွေ ဆိုရင် အိမ်သဘောမျိုးပေါ့။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုဆောင် စသည်ဖြင့် ဟိုးမြေကြီးထဲမှာ ဆောက်ရင် အဲဒီ vault တွေနဲ့ ကာပြီးတော့ ပိတ်သွားပါတယ်။ သို့သော် ပုဂံက တရုတ်ဆီက နည်းပညာ ရခဲ့ဟန် မတူဘူး။ ကျွန်တော့စာအုပ် ထဲမှာ ရေးထားတာကတော့ အဲဒီနည်းပညာကို မြန်မာတွေက သရေခေတ္တရာမှာပဲ သူ့ဟာသူ တီထွင်ကြံဆ လာတယ်လို့ ကျွန်တော် စာအုပ် ထဲမှာ သက်သေပြထားပါတယ်”

ပုဂံဒေသရဲ့ အနုပညာနဲ့ ဗိသုကာ လက်ရာတွေကို သမိုင်းနောက်ခံနဲ့တကွ ဖေါ်ပြထားတဲ့ Arts and Architecture of Pagan with Historical Background ဆိုတဲ့ ၂၀၁၀ အမျိုးသားစာပေဆုရ (အင်္ဂလိပ်ဘာသာ) စာအုပ်ကို ရေးသားသူ ဗိသုကာပညာရှင် ဒေါက်တာကျော်လတ်ပါ။