ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့ ရခိုင်တိုင်းရင်းသား ၆ ဦးအမှုဟာ မတရားစွပ်စွဲ ခံရခြင်းသာဖြစ်ပြီး၊ ဒီလုပ်ရပ်အပေါ် ရှုတ်ချကြောင်းနဲ့ အဖမ်းဆီးခံနေရသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ် တာကြောင့် သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့ အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်းက စင်္ကာပူသံရုံးနဲ့ မြန်မာသံရုံးရှေ့ သွားရောက်ပြီး တနင်္လာနေ့က ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
စင်္ကာပူနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေတဲ့ ရခိုင်လူမှုကယ်ဆယ်ရေးအသင်း(စင်္ကာပူ)ရဲ့အဖွဲ့ဝင် ၆ ဦးကို ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆက်နွယ်နေတယ်ဆိုပြီး စင်္ကာပူအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် မကြေနပ်တာကြောင့် အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်း AAC အဖွဲ့ဝင်တွေရော၊ အမေရိကန်မှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပေါင်းစုံ မဟာမိတ်အဖွဲ့ကပါ ပူးပေါင်းပြီး ဇူလိုင်(၁၅)ရက်နေ့လည်က ဝါရှင်တန်ဒီစီမှာရှိတဲ့ စင်္ကာပူသံရုံးနဲ့ မြန်မာသံရုံးရှေ့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြရတဲ့ အဓိကအကြောင်းနဲ့ပတ်သက်လို့ AAC အဖွဲ့ ဒုဥက္ကဌ ဦးသိန်းထွန်းဇံက VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။
“စင်္ကာပူ ကနေပြီးတော့ ကျနော်တို့ ရခိုင် ၆ ယောက် က ရခိုင့်တပ်မတော် Arakan army ကိုထောက်ခံတယ် Support လုပ်တယ်ဆိုပြီးတော့ စင်္ကာပူက ဖမ်းလိုက်ပြီးတော့ သူတို့ စွပ်စွဲချက်တွေဲ့ မြန်မာပြည်ကို ပြန်ပို့လိုက်ပါတယ်။ ဒီလူငယ်တွေကလည်း စင်္ကာပူမှာ ရခိုင်အသင်း စင်္ကာပူဆိုပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အဲဒါက မြန်မာအစိုးရရဲ့ ထိုးစစ်တွေကြောင့် ရခိုင်ပြည်နယ်မှာ လက်ရှိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို သူတို့ ပိုက်ဆံတွေကောက်ပြီးတော့ ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်တွေက အမှန်အတိုင်းပြောရင် စွန့်ပစ်ခံထားရတဲ့ လူတွေပေါ့နော် ကိုယ့်ဟာကိုယ် ကူညီနေရတဲ့ သဘောရှိပါတယ်။ ဆိုတော့ ဒီလူငယ်တွေရဲ့ ငွေကြေးတွေဟာ အဲဒီ ဒုက္ခသည်တွေဆီကို သွားတာပါ။ အဲဒါကို သူတို့ မဟုတ်မမှန်စွပ်စွဲတယ်။ Arakan army ကို ထောက်ခံတယ်ပေါ့နော် ဒါပေမယ့် သူတို့ဟာ ဘာမှ ဆက်နွယ်တာလည်းမရှိဘူး Refugee တွေကို ထောက်ပံ့နေတာ ဖြစ်ပါတယ်။ အဲဒီတော့ စင်္ကာပူမှာရှိနေတဲ့ တခြားတိုင်းရင်းသားတွေကိုလည်း ဒီလိုဆက်လုပ်မယ့် ကိစ္စတွေကို တားမြစ်ချင်လို့ ဒီနေ့ ဆန္ဒပြပါတယ်။ အဲဒါနဲ့အတူပေါ့ မြန်မာသံရုံးကိုလည်း မြန်မာပြည်က ပြန်ပို့လိုက်တဲ့သူတွေ သူတို့ လက်လွဲပြောင်းယူလိုက်တဲ့သူတွေကို အမှုတွေ မဟုတ်ကဟုတ်ကတွေ ငွေအတုလုပ်တယ်တို့၊ ဘာတို့ပေါ့နော် အဓိကတော့ ရခိုင့်တပ်မတော်ကို ထောက်ပံ့တယ် ဆက်သွယ်တယ်ဆိုတာတွေကို စွပ်စွဲထားတာတွေ့ရပါတယ်။ အဲဒါတွေက တကယ်တော့မဟုတ်ပါဘူး အဲဒီအတွက် ကျနော်တို့ မြန်မာအစိုးရကိုလည်း ဆန္ဒပြတာဖြစ်ပါတယ်။”
ဒီဆန္ဒပြပွဲကို လူ(၅၀)ဝန်းကျင် တက်ရောက်ကြပြီး အခြားတိုင်းရင်းသားတချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘာကြောင့် ပူးပေါင်းဆန္ဒပြရသလဲ ဆိုတာကိုတော့ ကချင်မဟာမိတ်အဖွဲ့ အထွေထွေ အတွင်းရေးမှူး M တူးအောင်က ခုလိုပြောပါတယ်။
“စင်္ကာပူနိုင်ငံမှာ ရခိုင်တွေကို ဖမ်းဆီးပြီးတော့မှ deportation ပေါ့နော် ပြည်ပြန်နှင်တဲ့ ကိစ္စမှာ စင်္ကာပူအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်လို့ ကျနော်တို့ အဲလိုခံယူတယ်။ ဒီဟာက ရခိုင်ညီအကိုတွေကို ဒီလိုမျိုးနမူနာလုပ်ပြလိုက်တာဖြစ်မှာပေါ့နော်။ ဒါပေမယ့်လည်း ကျနော်တို့ တခြားတိုင်းရင်းသားညီအကိုတွေအတွက်ပါ နမူနာပေးတဲ့ပုံစံမျိုးလေးနဲ့ ဆောင်ရွက်လိုက်တယ်ဆိုပြီးမှ အဲလိုမျိုးခံယူပြီးတော့မှ တခြားနိုင်ငံတွေမှာလည်း ဆက်ပြီးမဖြစ်ရအောင် စင်္ကာပူအစိုးရ နဲ့ မြန်မာအစိုးရတွေကို သွားရောက်တင်ပြဆောင်ရွက်ခြင်းဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့ ဒေသခံရခိုင်တွေကို မြန်မာစစ်တပ်က ခေါ်ယူစစ်ဆေးမှုရှိပြီး၊ စစ်ဆေးနေစဉ်အတွင်း သေဆုံးမှု ရှိခဲ့တာကြောင့် အခု စင်္ကာပူကနေ ပြန်ပို့ခံရတဲ့ ရခိုင်တိုင်းရင်းသား ၆ဦးရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ကြောင်း AAC ဒုဥက္ကဌ ဦးသိန်းထွန်းဇံက ပြောပါတယ်။
“အဲလိုဖမ်းဆီးသွားခြင်းအားဖြင့် သူတို့ အသက်အန္တရာယ်တွေကို စိုးရိမ်ရတယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်မှာ သံသယရှိတယ်ဆိုပြီး ဖမ်းသွားပြီးတော့ သေတဲ့အထိ နှိတ်စက်သတ်ဖြတ်လိုက်တဲ့ လူတွေမနည်းတော့ပါဘူးခင်ဗျ။ အခုလည်း ဆက်ဖြစ်နေဆဲဖြစ်ပါတယ် အင်တာနက်ကအစ ရခိုင်ပြည်ကို ဖြတ်တောက်ထားပြီးတော့ လုပ်ချင်တိုင်း လုပ်လို့ရအောင်ဆိုပြီးတော့ နည်းပေါင်းစုံနဲ့ ညှဉ်းပမ်းသတ်ဖြတ်နေတာ မြင်ရပါတယ်။ ဆိုတော့ ဒီ ၆ ယောက်ရဲ့ အသက်အန္တရာယ် ဆုံးရှုံးသွားနိုင်တယ် အသတ်ခံရနိုင်တယ်လို့ အဲလောက်အထိ ကျနော်တို့ ယူဆတယ်။”
ရခိုင်လူမှုကယ်ဆယ်ရေးအသင်း(စင်္ကာပူ)ရဲ့အဖွဲ့ဝင် ၆ ဦးကို စင်္ကာပူအာဏာပိုင်တွေ ဖမ်းဆီးပြီး ဇူလိုင်(၁၀)ရက်နေ့က မြန်မာနိုင်ငံကို လွှဲပြောင်း ပေးခဲ့တာပါ။ စင်္ကာပူရဲ့ ဒီလုပ်ရပ်ဟာ တိုင်းရင်းသားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုရာကျပြီး အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်တယ်လို့ အမေရိကန်-ရခိုင်လူမှုအဖွဲ့အစည်း AAC ရဲ့ကြေညာချက်မှာ ဖေါ်ပြသလို၊ နောင်မှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကို ရှောင်ကျဉ်ဖို့ စင်္ကာပူအစိုးရထံ စာရေးသားပေးပို့ ခဲ့ကြပါတယ်။
Your browser doesn’t support HTML5