သမ္မတအပြောင်းအလဲကာလ တည်ငြိမ်ရေး စိုးရိမ်မှုတချို့

အမေရိကန်ရွေးကောက်ပွဲနေ့ မဲရုံရှေ့မြင်ကွင်း (နိုဝင်ဘာ ၅၊ ၂၀၂၄)

သမ္မတ အကူးအပြောင်းကာလမှာ အမေရိကန်ပြည်ထောင်စု အတွင်း ခြိမ်းခြောက်မှု၊ မတည်မငြိမ် ဖြစ်မှုတွေကို တားဆီးနိုင်ဖို့ လက်ရှိ သမ္မတဘိုင်ဒင်အစိုးရက အထူးပြင်ဆင်ထားပေမယ့် စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲနေ့နဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကြား ရက်ပေါင်း ၇၇ ရက် ကာလအတွင်းမှာ အသွင်ကူးပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်မလားဆိုတာကို အမေရိကန်ရောက် မြန်မာတွေကို မေးမြန်းပြီး ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။

နောက်ဆုံးအချိန်အထိ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအကြောင်း ပြောရင် မဲရလဒ်တွေ ပေါ်ထွက် အပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရ အသစ်ကို အာဏာလွှဲပြောင်းပေးရေးက လူအများကြား အလေးထား ပြောစရာ ဖြစ်နေတာပါ။

အထူးသဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ အဲဒီတုန်းက သမ္မတ ဒေါ်နယ်ထရမ့်က ခိုင်လုံတဲ့ သက်သေပြချက်တွေ မရှိပေမယ့် မဲမသမာမှုတွေ ရှိတယ်လို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ပြီး သူ ရှုံးတဲ့ မဲရလဒ်ကို လက်မခံခဲ့ပါဘူး။ သူ့ကို ထောက်ခံသူ တချို့ကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ လွှတ်တော် အဆောက်အအုံကို အင်အားသုံး ဝင်စီးခဲ့ပြီး လူသေဆုံးတဲ့ အထိ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့လို့ အခု တကြိမ်မှာလည်း အလားတူ ဖြစ်ရပ်တွေ အတွက် စိုးရိမ်ချက်တွေ ရှိနေတာပါ။

ဇန်နဝါရီ ၆ ရက် ဖြစ်စဥ် ဖြစ်ခဲ့တုန်းက ဝါရှင်တန်ဒီစီမှာ ရှိနေတဲ့ လက်ရှိ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်သူ ကိုထူးမြတ်ကတော့ စနစ်တကျ စောင့်ကြည့် စစ်ဆေးမှုတွေ ရှိနေတဲ့ နှစ်ပေါင်း ရာနဲ့ချီ အခြေကျပြီးသား ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ စနစ်မှာ ဘယ်သူပဲ နိုင်နိုင်၊ ရှုံးရှုံး လူထုက အများက ရွေးကောက် တင်မြောက်တဲ့ မဲရလဒ်ကို လက်မခံနိုင်တာက အန္တရာယ်လို့ ပြောပါတယ်။

“သူ့ကို မေးတယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ခင်ဗျား ရှုံးသွားတယ် ဆိုတာ လက်ခံနိုင်လား။ သူက ပြောတာ ဘယ်တော့မှ လက်မခံဘူး။ အဲ့ဒါက ဒီမိုကရေစီ အတွက်ဆိုရင် အရမ်း အန္တရာယ်ကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ လုံးဝ အလုပ်ဖြစ်တယ် ဆိုတာက တကယ် ဝင်ပါတဲ့ လူတွေက နားလည်ရမယ်။ ငါရှုံးတယ် ဆိုရင် တခြား သူက သမ္မတ ဖြစ်မယ်။ အဲ့ဒါကို လက်ခံရမယ်။”

အခု တကြိမ် ရွေးကောက်ပွဲ အကြို ဇွန်လက စီအန်အန် (CNN) သတင်းဌာနရဲ့ စကားစစ်ထိုးပွဲမှာတော့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမလား ဆိုတာကို အစီအစဥ် တင်ဆက်သူက ၃ ကြိမ် အထိ ထပ်ပြန်တလဲ မေးခဲ့ရ အပြီးမှာတော့ ဒေါ်နယ်ထရမ့်က “တရားမျှတပြီး ဥပဒေနဲ့အညီ ကောင်းမွန်တဲ့ ရွေးကောက်ပွဲဖြစ်ရင်” လက်ခံမယ် ဆိုပြီး ဖြေခဲ့ပေမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ဆက်ပြီး ဆုပ်ကိုင် ပြောခဲ့ပါတယ်။

ဒီလို နောက်ခံအနေအထားမှာ ရွေးကောက်ပွဲ မတိုင်ခင် သမ္မတလောင်း ထရမ့်ကို လုပ်ကြံဖို့ ကြံစည်မှု နှစ်ကြိမ် အထိ ဖြစ်ခဲ့လို့ အမေရိကန် နိုင်ငံရေးက စိုးရိမ်စရာ ပို ဖြစ်ခဲ့ပါတယ်။

နယူးယောက် ပြည်နယ် Bard College မှာ နိုင်ငံရေးနဲ့ နိုင်ငံတကာ လေ့လာရေး အထူးပြု မဟာဘွဲ့ရ ကိုဟန်သူရကတော့ သုတေသန တွေ့ချက် တချို့ကို ကိုးကားပြီး အမေရိကန် နိုင်ငံရေေနဲ့ အကြမ်းဖက်မှု ဖြစ်နိုင်ခြေကို အခုလို သုံးသပ်ပါတယ်။

“အခုနောက်ဆုံးထွက်ထားတဲ့ ACLED Data (လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်ဒေတာ) အရ ဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာ လ အထိ ဆိုရင် အစွန်းရောက် လှုပ်ရှားမှုတို့၊ ဆန့်ကျင်မှုတို့က အမေရိကန်မှာ ၂၀၂၃ ခုနှစ် ဒေတာနဲ့ ယှဥ် လိုက်ရင် တော်တော်လေး လျော့ကျသွားတာကို တွေ့တယ်ပေါ့နော်။ အစွန်းရောက် အဖွဲ့တွေက လုပ်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကလည်း ၂၀၂၀ ခုနှစ်ကနေ စပြီးတော့ ပြည်ထောင်စု အဆင့်မှာ လျော့ကျနေတယ်ဆိုပြီးတော့ တွေ့ရှိချက် တွေ့တယ် ပေါ့။”

Your browser doesn’t support HTML5

ကန်ရွေးကောက်ပွဲ မဲထည့်မြန်မာ မဲဆန္ဒရှင်များ “မေးမြန်းခန်း”

ဒါပေမယ့် ပရင်စတန် တက္ကသိုလ် (Princeton University) သုတေသန ဌာနတခုဖြစ်တဲ့ Bridging Divides Initiative ရဲ့ လေ့လာချက် အရတော့ Sub National Level လို့ခေါ်တဲ့ ပြည်နယ်အဆင့်တွေမှာ ၂၀၂၄ ခုနှစ်ထဲမှာ အထူးသဖြင့် ဒေါ်နယ်ထရမ့်ကို ဇူလိုင်လတုန်းက ပထမ အကြိမ် လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်စဥ် အပြီးမှာ ဒေသန္တရ အရာရှိတွေ ခြိမ်းခြောက်ခံရတဲ့ ဖြစ်စဥ်လို အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ဖြစ်စဥ်တွေ တိုးလာတာ တွေ့ရတယ်လို့ ကိုဟန်သူရက ထောက်ပြပါတယ်။

တဘက်မှာလည်း ဒီလို ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားကြပါတယ်။ ပြည်ပက ထိုးဖောက် နှောင့်ယှက်လာနိုင်တဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေ အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားသလို နိုင်ငံတဝန်းမှာ အထူးသဖြင့် ဝါရှင်တန်ဒီစီ မြို့တော်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အဆုံးအဖြတ် ပေးမယ့် ပြည်နယ်တွေမှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။ တချို့ ဒေသတွေမှာ National Guard လို့ ခေါ်တဲ့ ပြည်နယ် အစောင့်တပ်တွေကိုလည်း ရွေးကောက်ပွဲ မတည်မငြိမ်မှုတွေ ဖြစ်လာရင် အရေးယူ ကိုင်တွယ်နိုင်အောင် အဆင်သင့် အနေအထား တပ်လှန့်ထားပါတယ်။

နယူးယောက်ပြည်နယ်က ထရမ့်ထောက်ခံသူ မဂျုနီကတော့ သူ့ ခေါင်းဆောင် အတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

“Crisis (မတည်မငြိမ်ဖြစ်မှု) တွေ ဖြစ်မှာတော့ စိုးရိမ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို မကြိုက်တဲ့ သူတွေက တချို့ဆို ဆန္ဒပြတာက ငြိမ်ငြိမ်းချမ်းချမ်းနဲ့ လုပ်ကြပေမယ့် တချို့ကတော့ violent (အကြမ်းဖက်မှု) အရမ်းဆန်တာ ပေါ့နော်။ ပိုပြီးတော့ Crisis တွေ ဖြစ်မှာပဲ။ ဘာလို့လဲ ဆိုတော့ အရမ်း Powerful (သြဇာတက္ကမ ကြီးမားတဲ့) ခေါင်းဆောင်မှာ တိုက်ခိုက်မှုဆိုတာ အမြဲရှိတယ်။”

ရွေးကောက်ပွဲရလဒ်မှာ အရေးပါတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ နေထိုင်ပြီး ထရမ့်ကို တစိုက်မတ်မတ် မဲပေးလာသူ မခေါန်စဘော်ကလည်း သူ့ရဲ့ စိုးရိမ်ချက်ကို အခုလို ပြောပါတယ်။

“စိုးရိမ်မှုရှိလား ဆိုတော့ စိုးရိမ်မှု ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကောင်းတွေကိုကျတော့ များသောအားဖြင့် မကြိုက်ကြဘူး။ ကောင်းတဲ့ အရာ လုပ်တဲ့ သူတွေ မှန်သမျှကို မကြိုက်ကြဘူးလေနော်။

လက်ရှိ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ၂၀၂၀ မဲဆွယ် စည်းရုံးရေး အဖွဲ့နဲ့ အလုပ် လက်တွဲ လုပ်ခဲ့ဖူးခဲ့တဲ့ ကိုထူးမြတ်ကတော့ နိုင်ငံရေးအရ လက်နက်ကိုင် အကြမ်းဖက်မှုကို ဒီမိုကရက်ဘက်ကလည်း မလိုလားဘူးလို့ ဆိုပါတယ်။

“ကျနော် ဒီမိုကရက်တွေနဲ့ အလုပ် လုပ်တယ် ပေါ့နော်။ သူတို့ အားလုံး ဒီလိုမျိုး လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဘာတွေကို ရှုံ့ချတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့။ လုံးဝ မဖြစ်သင့်ဘူး။ အမေရိကားမှာ ဖြစ်ဖြစ်၊ ဘယ်မှာပဲ ဖြစ်ဖြစ်ပါ။ အဲ့ဒါမျိုးဆိုတော့ ဒီမိုကရက်တစ် ဘက်က ဝင်လာပြီးတော့ ဒါမျိုးတွေ ပါလာမယ်လို့တော့ ကျနော် မထင်ဘူး။”

ကိုဟန်သူရကလည်း ထရမ့်ကို ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် လုပ်ကြံဖို့ ကြံစည်မှုတွေ အပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာနိုင်တယ်လို့ ယူဆချက်တွေ ရှိပေမယ့် လက်တွေ့မှာ ကြီးကြီးမားမား ဖြစ်မလာတာကို ထောက်ပြပါတယ်။

“နိုင်ငံရေး အကြမ်းဖက်မှု ရေချိန်မျဥ်းက အမြင့်ဘက်ကို ဦးတည်နေပြီလား ဆိုပြီး စိုးရိမ်ကြတယ်။ ဒါပေမယ့် ပြည်ထောင်စု အဆင့် လေ့လာမှု တခုမှာ MAGA (Make America Great Again ထရမ့် ထောက်ခံသူ) တွေကို ပထမအကြိမ် လုပ်ကြံဖို့ ကြံစည်မှု အပြီးမှာ စစ်တမ်း ကောက်တယ်။ အရင်တုန်းကလည်း အဲဒီ စစ်တမ်း ရှိခဲ့တယ်။ ကိုယ့်ရဲ့ ပြိုင်ဘက် ပါတီက ခေါင်းဆောင်ကို နိုင်ငံရေးအရ လုပ်ကြံတာကို အားပေး၊ မပေးပေါ့နော်။ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့ နေရာမှာ အရင်က ဒါကို လက်ခံတဲ့ နှုန်းက ၂ ရာခိုင်နှုန်း ပေါ့နော်။ ဒါပေမယ့် ဒီနှစ်မှာ ၀.၃ ရာခိုင်နှုန်း အထိကို လျော့ကျသွားတာ တွေ့တယ်ပေါ့နော်။”

SEE ALSO: အမေရိကန်ကွန်ဂရက်ကို ဘယ်ပါတီကြီးစိုးလာမလဲ

ကိုထူးမြတ်ကတော့ ရွေးကောက်ပွဲ အပြီး မတည်မငြိမ်ဖြစ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှု ရှိပေမယ့် လက်ရှိ အစိုးရရဲ့ ပြင်ဆင်ထားမှုတွေကို ကျေနပ်တယ်လို့ ပြောပါတယ်။

“မဲတွေ ခိုးတာ မတရားဘူး၊ တခုခု လုပ်သင့်တယ်လို့ ပြောလာမယ် ဆိုလို့ရှိရင် အဲဒီလူတွေက တကယ် တခုခု လုပ်ရင် လုပ်လိမ့်မယ်။ အဲဒါမျိုး ဆိုရင် အဓိက ပြဿနာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော် တခု ဝမ်းသာတာက ကယ်မလာ ဟယ်ရစ်ရော ကျနော်ထင်တယ်၊ သမ္မတ ဘိုင်ဒန်ရောက ပြောထားတယ်။ ဒီတခါ ဆိုရင် ငါတို့ သေချာ ပြင်ဆင်ထားတယ်။ ဒီလိုမျိုး နောက်တခါ မဖြစ်စေရဘူး။”

ဒီနှစ်မှာ လုံခြုံရေး အရ အထူး ပြင်ဆင်ထားသလို အသွင်ကူပြောင်းရေးကာလ ဥပဒေအသစ်တခုကိုလည်း ပြဌာန်းထားပြီး ရွေးကောက်ပွဲ အနိုင်ရသူ အစိုးရဖွဲ့နိုင်ရေး လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ရလဒ် အဖြေ ရှင်းရှင်းလင်းလင်း ထွက်ဖို့ အချိန်ယူရမယ် ဆိုရင်လည်း နှစ်ဘက်စလုံးကို အာဏာ လွှဲပြောင်းရယူနိုင်ရေး တပြိုင်တည်း ပြင်ဆင်နိုင်ဖို့ အစိုးရရန်ပုံငွေနဲ့ ပံ့ပိုးမှုတွေ စီစဥ် ထားပါတယ်။

အမေရိကန် နိုင်ငံရေး လှုပ်ရှားမှုတွေကို ပညာရပ်ပိုင်းဆိုင်ရာ လေ့လာနေတဲ့ ကိုဟန်သူရကတော့ အကြမ်းဖက် တုံ့ပြန်နိုင်ခြေက အခုလောလောဆယ် အနေအထားအရ ဖြစ်နိုင်ခြေ နည်းပြီး လက်ယာစွန်း လှုပ်ရှားမှုတွေ ပုံစံတမျိုး ပြောင်းသွားတာ ဒါမှမဟုတ် စုစည်းမှု အရင်ကလောက် မရှိတော့တာတွေကို သုတေသနတွေက ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

“၂၀၂၁ ခုနှစ် လွှတ်တော် ဝင်စီးတဲ့ ဖြစ်စဥ်မှာ အစွန်းရောက် သဘောထားပြင်းထန်တဲ့ ခေါင်းဆောင်တချို့ အဖမ်းခံလိုက်ရတယ်။ အခု နောက်ပိုင်းဆိုလည်း Proud Boys တို့ KKK သူတို့ရဲ့ အဖွဲ့တွေက အရင်ကလောက် စုစုစည်းစည်း သိပ်မရှိတော့ဘူးလို့ တွက်လို့ရတယ်။ သုတေသန တွေ့ရှိချက်တွေ အရ ပြောင်းလဲလာတဲ့ သူတို့ရဲ့ နည်းပရိယာယ်ကကျတော့ ပုံမှန် လမ်းတွေပေါ်မှာ ဆန့်ကျင် ဆန္ဒပြတာတို့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ဘာတွေ သွားတဲ့ပုံစံကနေပြီးတော့ ပြောင်းလဲသွားတာက အွန်လိုင်းပေါ်ကို ရောက်လာပြီးတော့ အွန်လိုင်းမှာ သွေးထိုးတာတွေ လုပ်မယ်။ အမုန်းတရား ပွားစေမယ့် စကားမျိုး လှုံဆော်တာလိုမျိုးတွေ ပိုပြီးတော့ ရှိလာတယ်ပေါ့နော်။ ”

လူမှုကွန်ရက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေရဲ့ လုပ်ဆောင်ပုံ စနစ် အယ်လ်ဂိုရစ်သမ်တွေ အရ တူရာ အုပ်စုတွေကို သီးသန့် ဖြစ်စေပြီး အမြင်မတူသူတွေကြား ပိုမို ကွဲပြားစေတာ ဖြစ်လို့ ဒါကလည်း နိုင်ငံရေး ကွဲပြားမှုတွေကို ပိုကျယ်ပြန့်သွားစေတယ်လို့ ကိုဟန်သူရက ထောက်ပြပါတယ်။

ရှီကာဂိုတက္ကသိုလ်ရဲ့ လုံခြုံရေးနှင့် ခြိမ်းခြောက်မှုများဆိုင်ရာ လေ့လာချက် တခုအရတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်က တရားမျှတမှု မရှိဘူးလို့ လက်တွေ့ အချက်အလက်မပါဘဲ စိတ်ကူးနဲ့ မှန်းဆ ယုံကြည်နေသူ အရေအတွက်က အမေရိကန်မှာ လူ သန်း ၅၀ လောက်တောင် ရှိတယ်လို့ ဆိုပါတယ်။ တဘက်မှာလည်း လပိုင်းအတွင်း လုပ်ကြံဖို့ ကြံစည်မှု နှစ်မှု ဖြစ်ခဲ့တာ အပါအဝင် အစွန်းရောက်အဖွဲ့တွေ တုံ့ပြန်လှုပ်ရှားနိုင်စရာ ဖြစ်စဥ် တွေ ရွေးကောက်ပွဲ အကြိုမှာ ဖြစ်ခဲ့ပေမယ့် ကြီးမားတဲ့ တုံ့ပြန်မှု၊ ဥပမာ လူအုပ်ကြီးတွေ လမ်းပေါ် ထွက်လာတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် လွှတ်တော် ဝင်စီးမှု ဖြစ်စဥ်မှာ အဓိက ပါခဲ့တဲ့ လက်ယာစွန်း Proud Boys အဖွဲ့က လက်ကျန် အဖွဲ့ဝင်တချို့ကတော့ အမေရိကန် ပြည်ထောင်စု ဒေသတချို့မှာ လှုပ်ရှားနေဆဲ ဖြစ်ပြီး ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အမေရိကန် မီဒီယာတချို့မှာ ပြောထားပါတယ်။

ဒီလို အနေအထားမှာ ရွေးကောက်ပွဲ အပြီး အစိုးရသစ် ဖွဲ့စည်းရေး ကြားကာလ ရက်ပေါင်း ၇၇ ရက်ကတော့ အကဲဆတ်တဲ့ အနေအထား အဖြစ် အထူးသတိထား ကိုင်တွယ်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။