သမ္မတ ဘိုင်ဒန်ရဲ့ အခြေပြမိန့်ခွန်းအပေါ် အကြိုသုံးသပ်ချက်
ဒီနေ့ည အမေရိကန် သမ္မတ Joe Biden ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ ၂၀၂၄ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ အရေးကြီးတဲ့ သတင်းစကားတွေ ပါနိုင်သလို သူ့အနေနဲ့ ရွေးကောက်ပွဲ နိုင်ခဲ့ရင် သမ္မတတာဝန်ဆက်လက်ထမ်းဆောင်ဖို့ အဆင်သင့် ရှိနေတယ်ဆိုတာ ပြသမယ့် မိန့်ခွန်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွား နိုင်ငံရေး သုံးသပ်သူတွေက မြင်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတဟောင်း Donald Trump နဲ့ ပြန်ယှဉ်ပြိုင်ရနိုင်ခြေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ လူထုအကြား အမြင်သဘောထား အမျိုးမျိုး ကွဲလွဲနေပါတယ်။ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်မှာ ဥပဒေပညာဆည်းပူးခဲ့သူ မေရီလန်းပြည်နယ်က Alex Ahkar (အဲလက်စ် အာကာ) နဲ့ ကယ်လီဖိုးနီးယားပြည်နယ် က Chief AI Officer တယောက်ဖြစ်တဲ့ Kelvin Lwin တို့ကို လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းထိုက်ဦး Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။