သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒင် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာမိန့်ခွန်းပြောနေစဉ် (မတ် ၅၊ ၂၀၂၄)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာမိန့်ခွန်းပြောနေစဉ် (မတ် ၅၊ ၂၀၂၄)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကနေ့ အမေရိကန် ဝါရှင်တန်စံတော်ချိန် ည ၉ နာရီမှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားဖို့ ရှိပြီး နိုင်ငံရဲ့ စီးပွားရေး၊ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်ပွဲ နဲ့ ဂါဇာစစ်ပွဲ စတဲ့ ကိစ္စရပ်တွေမှာ သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တချိန်တည်းမှာလည်း ဒီလိုအခိုက်အတံ့ကို သုံးပြီး အသက် ၈၁ နှစ်ရှိနေပြီဖြစ်တဲ့ သမ္မတ အနေနဲ့ နောက်တကြိမ် သက်တမ်း ရွေးကောက်ခံရဖို့အတွက် စိတ်ရော ကိုယ်ပါ ကြံ့ခိုင်နေဆဲ ဆိုတာမျိုး ပြနိုင်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ရွေးကောက်ပွဲနှစ်မှာ ပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ဖြစ်တာမို့ သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ဒီနှစ် ရွေးကောက်ပွဲမှာ သူပြန်လည် အရွေးခံရအောင် မဲဆန္ဒရှင်တွေ စိတ်ဝင်စားတဲ့ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ်ဝန်ဖျက်ချခွင့်၊ ယူကရိန်းစစ်ပွဲ အကူအညီကိစ္စ၊ အစ္စရေး ဂါဇာအရေး စတဲ့ အကြောင်းအရာတွေမှာ သူ ဘယ်လို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ အကြောင်းတွေကို ပြောကြားနိုင်မယ့် တနာရီကြာ မိန့်ခွန်းဖြစ်ပါတယ်။

သမ္မတ တယောက်အတွက် လွယ်ကူလှတဲ့ အခိုက်အတံ့ မဟုတ်သလို၊ သမ္မတ ဘိုင်ဒန် အတွက်မှာတော့ အသက်အရွယ်ကြောင့် တလျှောက်လုံး ကန့်ကွက် ဝေဖန်ခံနေရချိန်လည်း ဖြစ်ပါတယ်။လူထုစစ်တမ်းအဖွဲ့တခုဖြစ်တဲ့ Ipsos က Chris Jackson က ခုလိုပြောပါတယ်။

“ဘိုင်ဒန်ရဲ့ အသက်အရွယ်ကိစ္စကို အမေရိကန်ပြည်သူတွေက စိုးရိမ်နေကြတုန်းပါပဲ။ ဒါက အဓိက စိန်ခေါ်မှုပါ။ ရွေးကောက်ပွဲမှာ ပြန် အရွေးခံရဖို့ ဒီကိစ္စကို သူ ကျော်ဖြတ်ရမှာပါ။”

သမ္မတ မိန့်ခွန်းနဲ့ပတ်သက်လို့တော့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး အကြံပေး John Kirby က ခုလိုပြောပါတယ်။

“အမေရိကန်သမ္မတ တယောက် အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ခွဲ ကာလအတွင်း သူ အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကို အမေရိကန်ပြည်သူတွေ၊ ကွန်ဂရက်လွှတ်တော်နဲ့ တကမ္ဘာလုံးကို သိအောင် ပြောပြဖို့ရှိပါတယ်။ စီးပွားရေး၊ ပညာရေးကနေ ကျန်းမာရေး စောင့်ရှောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းဖို့ သူ ဆောင်ရွက်ခဲ့တာတွေ အပြင် ကမ္ဘာ့စင်မြင့်မှာ အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ ပြန်လည် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာတွေကို ပြောကြားမှာ ဖြစ်ပါတယ်။”

လေ့လာသုံးသပ်သူတွေကတော့ သမ္မတ ဘိုင်ဒန်အနေနဲ့ မူဝါဒရေးရာတွေကို အဓိကထား ပြောလည်း သူ့ရဲ့ ပြောဆိုပုံနဲ့ ပရိသတ်နဲ့ အပြန်အလှန် ထိတွေ့ ဆက်ဆံပုံကို ကြည့်ပြီး တုံ့ပြန်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။ Texas တက္ကသိုလ်က သမိုင်း ပါမောက္ခ Jeremi Suri က ခုလိုပြောပါတယ်။

“သမ္မတဟာ လွှတ်တော် စည်းဝေးတွေမှာ ရှိရတာ၊ ကွန်ဂရက် လွှတ်တော်အမတ်တွေနဲ့ ရောနှော ထိတွေ့ရတာကို သဘောကျတယ်လို့ ကျနော် ထင်တယ်။ သူ့ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်း အတွေ့အကြုံတချို့ ပြန်ကြည့်ရင် သူ စကားပြောနေတဲ့အချိန် ရီပတ်ဘလစ်ကန်အမတ်တွေက သူ့ကို ရိုင်းရိုင်းပြပြ ဝေဖန်တာ၊ လှောင်ပြောင် သရော်ကြတဲ့ အခါမျိုးမှာ သူက ရယ်ရယ်မောမော နဲ့ ခပ်ထေ့ထေ့ ချက်ချင်း ထိထိရောက်ရောက် ပြန်တုံ့ပြန်နိုင်ပါတယ်။”

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုံးသပ်သူတွေကတော့ သမ္မတဘိုင်ဒန် အနေနဲ့ ဂါဇာပဋိပက္ခကို အလေးထား ထည့်သွင်း ပြောကြားလိမ့်မယ်လို့ ယူဆကြပါတယ်။ ဂါဇာမှာ ဟာမတ်စ်အဖွဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရဖူးတဲ့ အမေရိကန် မိသားစုတချို့ကို သူ မိန့်ခွန်း တက်ရောက် နားထောင်ဖို့ ဖိတ်ကြားထားတာကြောင့်လည်း ဖြစ်ပါတယ်။ သုတေသနအဖွဲ့ Wilson Center က အရှေ့အလယ်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Merissa Khurma က ခုလိုပြောပါတယ်။

“အရင် နိုင်ငံတော် အခြေပြမိန့်ခွန်းတုန်းက ပြည်တွင်းကိစ္စတွေကို နည်းနည်းပို အလေးထားခဲ့ပါတယ်။ ပြည်တွင်း အခြေအနေ ဆိုတာကလည်း နိုင်ငံခြားရေး မူဝါဒတွေ စဥ်းစားရာမှာ အရေးကြီးတယ်လေ။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ပြဿနာလို ကိစ္စပေါ့။ ခုတကြိမ်မှာတော့ ဒီကိစ္စက လူတိုင်းကလည်း တွေးနေတော့ သမ္မတ ဘိုင်ဒန် အနေနဲ့ ဒါကို အများကြီး ပိုအလေးထား ပြောနိုင်ပါတယ်။”

လူထုစစ်တမ်းသမားတွေကတော့ ဘိုင်ဒန်အပြင် နောက်တယောက်ကိုလည်း မဲဆန္ဒရှင်တွေက စောင့်ကြည့်နေတာလို့ ပြောကြပါတယ်။

“ဘိုင်ဒန်အတွက်က Trump ကို အနိုင်ရပြီး သူပဲ ပြန်အရွေးခံရအောင် လုပ်ပြနိုင်ဖို့က အဓိကပါ။ ဒါက တကယ့် အဓိက ဖြစ်ပါတယ်။ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ တခြား ကိစ္စရပ်တွေမှာ သူ ဘယ်လောက် ကောင်းအောင် လုပ်နိုင်တယ် ဆိုတာတွေ အားလုံးထက်ကို Trump ကို အနိုင်ရဖို့က အဓိက ကျနေပါတယ်။’”

သမ္မတ ဘိုင်ဒန်အနေနဲ့ ဒါတွေကို ဘယ်လောက်ကောင်းကောင်း လုပ်ပြနိုင်မလဲ ဆိုတာကတော့ ဒီကနေ့ ည နိုင်ငံတော် အခြေပြမိန့်ခွန်းကို အရင် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG