သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပါတဲ့ ကန်မဲပေးပွဲ Super Tuesday


 တက္ကဆက်ပြည်နယ်၊ Round Rock မြို့မှာ Super Tuesday အတွက် မဲလာပေးသူတဦး။ (မတ်လ ၅၊ ၂၀၂၄)
တက္ကဆက်ပြည်နယ်၊ Round Rock မြို့မှာ Super Tuesday အတွက် မဲလာပေးသူတဦး။ (မတ်လ ၅၊ ၂၀၂၄)

ဒီနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေကို မတ် ၅ ရက်၊ အင်္ဂါနေ့မှာ ဒီမိုကရက်ပါတီ ရော၊ ရီပတ်ဘလစ်ကန်ပါတီမှာပါ မဲပေးရွေးချယ်ကြပါတယ်။ အရေးပါတဲ့အင်္ဂါနေ့ လို့ခေါ်ဆိုကြတဲ့ ဒီ Super Tuesday မဲပေးပွဲအကြောင်း-ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီနှစ်ခုစလုံးရဲ့ သမ္မတလောင်းတွေကို ပြည်နယ် ၁၅ ခုက သန်းနဲ့ချီတဲ့ပြည်သူတွေက မဲပေးရွေးချယ်ကြပါတယ်။ ဒီ အင်္ဂါနေ့ရွေးချယ်ပွဲဟာ သမ္မတကိုယ်စားလှယ်လောင်းတွေအတွက် အရေးပါတဲ့ခြေလှမ်းတခုဖြစ်ပါတယ်။ ၄ နှစ်တကြိမ်ကျင်းပလေ့ရှိတဲ့ သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမဆုံး တနင်္လာနေ့ရဲ့နောက်တနေ့-အင်္ဂါနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ပါတီရဲ့သမ္မတလောင်းအတွက်မဲပေးတာကိုတော့ မတ်လရဲ့ ပထမဆုံး အင်္ဂါနေ့မှာကျင်းပလေ့ရှိ တယ်။ ဒီအင်္ဂါနေ့ကို Super Tuesday လို့ခေါ်ကြပါတယ်။

ဒီ မတ်လ ၅ ရက်နေ့ အင်္ဂါနေ့မှာပြုလုပ်တဲ့ သမ္မတလောင်းရွေးပွဲအရကတော့ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်ပါတီအတွက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်တို့ကပဲ မဲအများဆုံးရနေပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူတို့နှစ်ဦးယှဉ်ပြိုင်ရမယ့် အလားလာရှိနေပါတယ်။

ဒါပေမဲ့ ဒီအင်္ဂါနေ့ရွေးကောက်ပွဲကနေ သမ္မတလောင်းတွေကို အပြီးသတ်ရွေးချယ်ပေးလိုက်မှာတော့ မဟုတ်ပါဘူး၊ လာမယ့်နွေရာသီမှာပြုလုပ်မယ့် ပါတီညီလာခံတွေကျမှ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အားလုံးက မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီအင်္ဂါနေ့ရွေးချယ်ပွဲမှာအနိုင်ရရင် ပါတီညီလာခံကိုယ်စားလှယ်တွေရဲ့ သုံးပုံတပုံကျော်လောက်က ထောက်ခံပြီးသားဖြစ်နေတဲ့အတွက် ဒီနေ့ ရွေးကောက်ပွဲက အရေးပါတဲ့အဆင့်ဖြစ်ပါတယ်။

Tennessee ပြည်နယ် Nashville မြို့ အသက် ၂၉ နှစ်အရွယ် John Mccarthy ကတော့ သမ္မတဟောင်း ထရမ့်ကို မဲပေးခဲ့တယ်လို့ဆိုပါတယ်။

“ကျနော်က ပြီးခဲ့ရွေးကောက်ပွဲ ၂ ခုလုံး ထရမ့်ကို မဲပေးခဲ့ပါတယ်။ သူကပြည်သူတွေနဲ့ဆက်သွယ်မှု ဆက်ဆံမှုရှိပါတယ်။ ကျန်တဲ့သူတွေကမရှိပါဘူး။ အားနည်းချက် အားသာချက်တော့ရှိပါမယ်။ သူက ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးရှင်းရှင်း ရှိသူပါ။ အခုက မသေချာမရေရာမှုတွေများနေပါတယ်။ ဒီလူဟာရိုးသားရဲ့လားဆိုတာ အရေးကြီးပါတယ်။ ကျနော်ထင်တာကတော့ ဒီကိစ္စအတွက် ထရမ့်ကသင့်တော်တဲ့ကိုယ်စားလှယ်လောင်းပါ။”

အင်္ဂါနေ့ရွေးချယ်ပွဲမှာ သမ္မတဘိုင်ဒန်အတွက်တော့ သူ့ကိုယှဉ်ပြိုင်မယ့် အတိုက်အခံ ပြောပလောက်အောင်မရှိပေမဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်အတွက်တော့ ယှဉ်ပြိုင်မယ့်အတိုက်အခံရှိပါတယ်။ သူကတော့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်း Nikki Haley ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရန့်ကပဲ ရွေးချယ်ပွဲတိုင်းမှာ အပြတ်အသတ်နဲ့ အနိုင်ရထားပါတယ်။

မက်ဆာချူးဆက်ပြည်နယ် West Roxbury မှာ အင်္ဂါနေ့ကမဲပေးခဲ့သူ William Brinkert ကတော့ ဒေါ်နယ်ထရန့် သမ္မတပြန်ဖြစ်လာမှာကို စိုးရိမ်မကင်းဖြစ်ပါတယ်။

“ကျနော်ထင်တာကတော့ ထရမ့်ရဲ့သမိုင်းကိုပြန်ကြည့်ရင် ဥပဒေမဲ့လုပ်ရပ်တွေကိုတွေ့ရပါတယ်။ သူ အရွေးခံရရင် လက်စားချေ ရန်ပြုတာတွေဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စတွေကို ကျနော်အလွန်စိုးရိမ်မိပါတယ်။ သူ့ရဲ့သမိုင်းတလျှောက် သူ့ရဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီကို အားနည်းသွားစေပါတယ်။”

ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲ နိုင်ခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာ ဂျိုးဘိုင်ဒန်ကိုရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ် စစ်တမ်းတွေအရ သမ္မတဟောင်းဒေါ်နယ်ထရမ့်ဟာ သမ္မတဂျိုးဘိုင်ဒန်ထက် ထောက်ခံမှုနည်းငယ်ပိုရနေပါတယ်။ မဲပေးဖို့ စာရင်းပေးထားသူတွေကိုလေ့လာတဲ့စစ်တမ်းတွေအရ သမ္မတဟောင်း ထရမ့်က ထောက်ခံမှု ၄၈ ရာနှုန်းရထားပြီး သမ္မတဂျိုး ဘိုင်ဒန်က ၄၃ ရာနှုန်းပဲရှိတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာကဖေါ်ပြထားပါတယ်။

သမ္မတဘိုင်ဒန်ဟာ ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာမတ်စစ်ပွဲမှာ အစ္စရေးကိုပြည့်အဝထောက်ခံအားပေးတဲ့အတွက်လည်း တချို့မဲဆန္ဒရှင်တွေက သူ့ကိုမထောက်ခံတာမျိုးတွေ ရှိနိုင်ပါတယ်။ သူ့ကိုဆန္ဒပြတဲ့အနေနဲ့ ပါတီကိုသာထောက်ခံပြီး ကိုယ်စားလှယ်လောင်းကိုမထောက်ခံတဲ့မဲမျိုးပေးနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကယူဆပါတယ်။ ဥပမာ မင်နီဆိုးတားလိုပြည်နယ်မှာ uncommitted vote ကိုယ်စားလှယ်ကိုထောက်ခံတာမဟုတ်ဘဲ ပါတီကိုသာထောက်ခံတဲ့ မဲမျိုးပေးနိုင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း မစ်ရှီဂန်ပြည်နယ်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်းရွေးပွဲအတွက် မဲပေးခဲ့သူတွေရဲ့ ၁၃ ရာနှုန်းဟာ ကိုယ်စားလှယ်လောင်းကိုထောက်ခံတာမျိုးမဟုတ်ဘဲ ပါတီကိုသာထောက်ခံတဲ့မဲပေးခဲ့ကြပါတယ်။

မစ်ရှီဂန်ပြည်နယ်ဟာ အာရပ်နွယ်ဖွားအမေရိကန်အများဆုံးနေထိုင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ အခုအခါ သမ္မတဘိုင်ဒန်က အစ္စရေး-ဟာမတ်စ်စစ်ပွဲ ယာယီအပစ်ရပ်ဖို့ တိုက်တွန်းနေပါတယ်။
သမ္မတဒေါ်နယ်ထရန့်ဟာ ရီပတ်ဘလစ်ကန်ရဲ့ ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်ပေမဲ့ တဘက်မှာတော့ ရာဇဝတ်မှုအပါအဝင် ပစ်မှုမျိုးစုံနဲ့တရားစွဲဆိုခံထားရပါတယ်။

အရေးပါတဲ့ ကန်မဲပေးပွဲ Super Tuesday
please wait

No media source currently available

0:00 0:04:35 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG