သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတွင်း သမ္မတလောင်း ရွေးပွဲ သမ္မတ Biden နဲ့ သမ္မတဟောင်းTrump တို့ အနိုင်ရ


သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်
သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်

မနေ့ကလုပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲတွေမှာ သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ပါတီအသီးအသီးမှာ အားလုံးနီးပါး အနိုင်ရလိုက်တာကြောင့် အခုလာမယ့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာလည်း သူတို့ နှစ်ယောက်ပဲပြန်လည် ယှဉ်ပြိုင်ဖို့ ပိုပြီးနီးလာပါတယ်။

ရီပတ်ဘလစ်ကန် ပါတီတွင်း ပြိုင်ပွဲ အားလုံးနီးပါး အနိုင်ရလိုက်တဲ့ သမ္မတဟောင်း Donald Trump ကတော့ မနေ့က ရွေးကောက်ပွဲတွေဟာ သမိုင်းမှာ အရေးကြီးဆုံးနေ့တနေ့အဖြစ် အောင်ပွဲခံ ပြောဆို ပါတယ်။

"အရင်က မရှိခဲ့ဘူးတဲ့ အံဩဖို့ ကောင်းလောက်အောင် အပြတ်အသတ် အနိုင်ရတဲ့ နေ့တနေ့ ဖြစ်သလို တိုင်းပြည်ရဲ့ သမိုင်းအတွက် ထူးခြားတဲ့ အချိန်တွေကို ကြုံတွေ့နေရပြီ" - ဆိုပြီး သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ် Palm Beach နေအိမ်မှာ မနေ့ မတ်လ ၅ ရက်နေ့ညက ပြောဆိုသွားတာပါ။

ရီပတ်ဘလစ်ကန်ဘက်က သမ္မတဟောင်း Donald Trump နဲ့ အပြိုင် သမ္မတလောင်းရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley ကတော့ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို မကြာခင်မှာ ရပ်ဆိုင်းလိုက်ဖို့ ပြင်ဆင်နေတယ်လို့ သူနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တခုက ဒီကနေ့ပြောပါတယ်။

Donald Trump ကတော့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ Utah ပြည်နယ်အပါအဝင် နေရာ ၁၄ ခုမှာ အနိုင်ရပြီး Nikki Haley ကတော့ Vermont ပြည်နယ်တခုထဲမှာပဲ အနိုင်ရခဲ့တာပါ။

ဒီမိုကရက်တစ် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးပွဲတွေမှာတော့ သမ္မတ Joe Biden က Virginia၊ Texas၊ Minnesota နဲ့ Colorado ပြည်နယ်တွေ အပါအဝင် ပြည်နယ် ၁၅ ပြည်နယ်မှာ အနိုင်ရပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုပိုင် Samoa ကျွန်း မှာတော့ သမ္မတ Biden ရှုံးနိမ်ခဲ့ပါတယ်။

နောက်ဆုံးကျန်တဲ့ ပြည်နယ် ရွေးကောက်ပွဲ ရလဒ်တွေတော့ ဒီနေ့ ကြေညာဖို့ ရှိပါတယ်။ သမ္မတ Joe Biden ကတော့ Donald Trump သာ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်ပြီး သဘောထားကွဲလွဲချက်တွေနဲ့ အစည်းပြေသလို ဖြစ်နိုင်သလို အမှောင်ထဲကို ရောက်သွားနိုင်တယ်ဆိုပြီး သတိပေးပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG