သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနွယ်ဖွားကန်နိုင်ငံသားတွေရဲ့Super Tuesday မဲပေးမှု


ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်က ပဲန်နိုင်ရာမှာမြို့နယ် Ranchito မူလတန်းကျောင်းမှာဖွင့်ထားတဲ့ မဲရုံမှာ ပါတီတွင်း သမ္မတလောင်းရွေးတဲ့ Super Tuesday မဲရုံမြင်ကွင်း။ (မတ်လ ၅၊ ၂၀၂၄/AP)
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်က ပဲန်နိုင်ရာမှာမြို့နယ် Ranchito မူလတန်းကျောင်းမှာဖွင့်ထားတဲ့ မဲရုံမှာ ပါတီတွင်း သမ္မတလောင်းရွေးတဲ့ Super Tuesday မဲရုံမြင်ကွင်း။ (မတ်လ ၅၊ ၂၀၂၄/AP)

အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေကို ပြည်နယ် ၁၅ ပြည်နယ်နဲ့ အမေရိကန် အုပ်ချုပ်မှုအောက်က Samoa ကျွန်းမှာပါ ကျင်းပါတယ်။ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကရော ဒီ Super Tuesday ရွေးကောက်ပွဲမှာ သမ္မတလောင်းကို ဘယ်လို စဉ်းစား ရွေးချယ်ကြပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွါးရေး၊ ယူကရိန်းစစ်ရေးနဲ့ ထိုင်ဝမ်၊ အစ္စရေး ပဋိပက္ခတွေမှာ ငွေကြေးထောက်ပံ့ကူညီမှုတွေကြောင့် ဖြစ်လာရတဲ့ ငွေကြေးဖောင်းပွမှုတွေ၊ သန္ဓေသားဖျက်ချခွင့်ပေးမပေး၊ ရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေး-စတဲ့ကိစ္စတွေကို ဘယ်သမ္မတလောင်းက ပိုပြီး ကိုင်တွယ်နိုင်မလဲဆိုတဲ့အချက်တွေကို မဲပေးသူတွေက ထည့်သွင်းစဉ်းစားနေတာပါ။ အမေရိကန်မြောက်ဘက်ခြမ်းမှာပါတဲ့ မင်နီဆိုးတားပြည်နယ်မှာနေထိုင်သူ ဦးဇော်ဝင်းမောင်ကတော့ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့်ကို ပိုပြီးတော့ နှစ်သက်သူပါ။

"အရင်တုန်းကတော့ ဒီမိုကရက်ကိုပေးဖူးတယ်။ ဒီတခေါက်ကတော့ ထရမ့်ကိုပဲ ပေးဖို့များတယ်။ ထရမ့်ကပဲပိုပြီးတော့ အမေရိကားအတွက် အကောင်းဖြစ်မယ်လို့ စိတ်ထဲမှာထင်တယ်လေ။ တခါတလေကျတော့လည်း ကိုယ့်ဗမာကိစ္စတို့ ဘာတို့ တွက်တဲ့အခါကျတော့လည်း ဘိုင်ဒန်က လုပ်နိုင်မလား-ဆိုတော့ သူက အကောင်အထည်ဖော်တာ သိပ်နည်းတယ်။ လုပ်ချင်တဲ့စိတ်တွေကရှိပြီးတော့ အကောင်အထည်မဖော်ဘူး။ ထရမ့်က အကောင်အထည်ဖော်နိုင်တယ်။ ပြတ်ပြတ်သားသားရှိတယ်။ ဗမာကိစ္စနဲ့ပတ်သက်လို့ကတော့ ဘယ်အစိုးရတက်တက် အပြောင်းအလဲ မရှိဘူးထင်ပါတယ်၊ အမေရိကားမှာ။ ဒီမိုကရက်တစ်အစိုးရဖြစ်လည်း ဒီအတိုင်းပါပဲ။ရီပတ်ဘလင်ကန်ကတက်လည်း ဒီအတိုင်းပါပဲ၊ ဘာမှမထူးဘူး။"

ဒီမိုကရက်ပါတီအားကောင်းတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ မြန်မာတွေကြား မဲပေးရွေးချယ်မှုက ကွဲပြားတာတွေ ရှိပါတယ်။ LA မြို့မှာနေထိုင်တဲ့ ဒေါက်တာစိုင်းထွေးမောင်ကတော့ ဒီတခေါက် သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့်ကို မဲပေးသူပါ။

"ကျနော်ကတော့ အမေရိကန်နိုင်ငံမှာရင်ဆိုင်နေရတာက အခုဆိုလို့ရှိရင် စီးပွါးရေးရော၊ လုံခြုံရေးလည်းကျဆင်းနေတာရှိတယ်။ နောက် အထူးသဖြင့် ကမ္ဘာ့အရေးအခင်းမှာ အခု အစ္စရေး-ဟာမတ်စ်အရေးအခင်းမှာရော၊ နောက်ပြီးတော့ ကျနော်တို့မြန်မာနိုင်ငံအရေးအခင်းမှာရော ပြတ်ပြတ်သားသားကိုင်တွယ်ပြီးတော့ လုပ်နိုင်တဲ့၊ သတ္တိရှိတဲ့ခေါင်းဆောင်လိုအပ်နေတယ်လို့ ကျနော်မြင်လို့ ဒေါ်နယ်ထရမ့်ကို ကျနော် မဲပေးလိုက်တယ်ဗျ။"

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စစကိုမြို့မှာနေထိုင်သူ ဦးကိုကိုလေးကတော့ ၂၀၂၄ အတွက် လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကိုပဲပြန်ပြီး မဲပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

"ထရမ့်ရဲ့ political stand က သူကြေညာထားတဲ့အတိုင်းပဲလေ။ American first ဆိုတာ။ အမေရိကန် first ဆိုတော့ သူ့နိုင်ငံရဲ့အမျိုးသားရေးကိုခေါ်တာပေါ့ဗျာ။ ဒီဘက်မှာတော့ လူဖြူကြီးစိုးရေးဝါဒ-ပေါ့။ အဲဒီတော့ ကျနော်တို့နိုင်ငံတွေ ဘာတွေ သိပ်စဥ်းစားနေတာမဟုတ်ဘူး။ ဂျိုးဘိုင်ဒန်မတက်ခင်တုန်းက သမ္မတထရမ့်က တက်ခဲ့တာပဲ။ အဲဒီကာလမှာလည်း ထိထိမိမိ မယ်မယ်ရရ ကျနော်တို့ဗမာပြည်အတွက် လုပ်တာ ဘာမှ မရှိပါဘူး။"

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာနေတဲ့ လုပ်ငန်းရှင် ကို ဒဲင်းဆန် ကတော့ လက်ရှိ အမေရိကန်ပြည်တွင်းပြဿနာတွေကို ဒေါ်နယ်ထရမ့်ကသာ ပိုဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်သူပါ။

"သမ္မတဟောင်းထရမ့်ကလည်း သူ့ရဲ့လုပ်ချက်တွေ ပြန်ကြည့်လို့ရှိရင် သူသမ္မတလုပ်ခဲ့တုန်းကလည်း ဆင်းရဲသူအရေအတွက်အနိမ့်ကျဆုံး၊ အလုပ်လက်မဲ့ဦးရေအနိမ့်ကျဆုံး level တခုကိုသူက run-down လုပ်ပေးခဲ့တယ်ဆိုတော့ ဒီအမေရိကန်နိုင်ငံရဲ့ပြည်သူတွေကို အလုပ်အကိုင်ကို ဖန်တီးပေးနိုင်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့မှာ အမေရိကန်တနိုင်ငံလုံးရဲ့စီးပွါးရေး၊ ပြည်သူလူထုတယောက်ချင်းစီရဲ့ဝင်ငွေကို တိုးတက်လာအောင်ပေါ့- အဲဒီလုပ်နိုင်စွမ်းအရည်အချင်းရှိတယ်။ အဲဒီတော့ သူ့ကိုပဲ မျှော်လင့်လို့ရပါတယ်။"

လက်ရှိပြည်တွင်းသတင်းတွေအရ ဒီမိုကရက်ပါတီအတွက် သမ္မတဂျိုးဘိုင်ဒန်တဦးတည်းက ဦးဆောင်နေပြီး ရီပတ်ဘလီကင်ပါတီထဲမှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း နစ်ကီဟေလီတို့နှစ်ဦး ယှဥ်ပြိုင်နေဆဲဖြစ်ပေမဲ့ ဒေါ်နယ်ထရမ့်က အသာရနေပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမဲ့နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပမှာပါ။ ဒီမိုကရက်ပါတီအတွက် သမ္မတလောင်းဖြစ်လာဖို့ ဂျိုးဘိုင်ဒန်အနေနဲ့ ကိုယ်စားလှယ်မဲ ၁,၉၆၈ မဲ ရရှိဖို့လိုအပ်ပြီး အခုထိတော့ ကိုယ်စားလှယ်မဲ ၂၁၀ နီးပါး ထောက်ခံမှုရထားပါတယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ ရီပတ်ဘလစ်ကန်ရဲ့သမ္မတလောင်းဖြစ်လာဖို့ဆိုရင် ကိုယ်စားလှယ်မဲ ၁,၂၁၅ မဲရဖို့လိုပြီး လောလောဆယ်အထိ ကိုယ်စားလှယ် ၂၇၆ ဦး ထောက်ခံထားပါတယ်ခင်ဗျာ။

မြန်မာနွယ်ဖွားကန်နိုင်ငံသားတွေရဲ့Super Tuesday မဲပေးမှု
please wait

No media source currently available

0:00 0:04:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG