တောင်ကိုရီးယားသမ္မတဟောင်း Yoon Suk Yeol ရဲ့ မအောင်မြင်ခဲ့တဲ့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့တာကို အထူး စုံစမ်းစစ်ဆေးရေးမှူးခန့်မယ့် ဥပဒေမူကြမ်းကိုအတည်ပြုမပေးရင် ယာယီသမ္မတ Han Duck-soo ကိုပါ အရေးယူမယ်လို့ အဓိကအတိုက်အခံပါတီက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှာ သူ့ကိုအရေးယူဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တာကြောင့် သမ္မတဟောင်း Yoon Suk Yeol ဟာ ရာထူးက ဆိုင်းငံ့ခံထားရပြီး လက်ရှိမှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Han Duck-soo က ယာယီသမ္မတအဖြစ်နဲ့ တာဝန်ယူထားတာပါ။ သမ္မတကို ရာထူးက လုံးဝဖြုတ်ပစ်ရေး ကိစ္စကိုတော့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။
သမ္မတဟောင်း Yoon Suk Yeol အပေါ် နိုင်ငံတော်ပုန်ကန်မှုနဲ့ တခြားစွဲချက်တွေအပြင် သမ္မတကတော် ကိုလည်း ဇိမ်ခံလက်ကိုင်အိတ်တွေကိစ္စ အရှုပ်တော်ပုံမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေကို စုံစမ်း စစ်ဆေးရေးမှူးခန့်အပ် တာဝန်ပေးရေး အတိုက်အခံ ဒီမိုကရက်ပါတီက ကြီးစိုးထားတဲ့ လွှတ်တော်က အခုလအတွင်းမှာပဲ ဥပဒေမူကြမ်း ရေးဆွဲ အတည်ပြုထားတာပါ။
ယာယီသမ္မတအနေနဲ့ အဲဒီဥပဒေကြမ်းကို မနက်ဖြန် အင်္ဂါနေ့မှာ အတည်ပြုမပေးဘူးဆိုရင် သူ့ကိုပါ သမ္မတဟောင်း Yoon Suk Yeol ရဲ့ စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုကို ထောက်ခံအားပေးသူအဖြစ် သတ်မှတ်ပြီး ချက်ခြင်း အရေးယူဖို့ ရဲကို အကြောင်းကြားမယ်လို့ အတိုက်အခံပါတီက ခြိမ်းခြောက်ထားပါတယ်။
Han Duck-soo ဟာ နည်းပညာရှင်တဦးဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံရေးရဲ့ ကွန်ဆာဗေးတစ်ရော၊ အလယ်အလတ်ဝါဒီ အစိုးရတွေအောက်မှာ နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ် သမ္မတဟောင်း Yoon Suk Yeol က ၂၀၂၂ ခုနှစ်မှာ ခန့်အပ် တာဝန်ပေးခဲ့တာပါ။
Your browser doesn’t support HTML5