တောင်ကိုရီးယားနိုင်ငံမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကို သမ္မတ Yoon Suk Yeol က ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို တရားဥပဒေစိုးမိုးရေးနဲ့အညီ ငြိမ်းချမ်းစွာ ဆက်လက် ဖြေရှင်းဖို့လည်း မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့နှောင်းပိုင်း ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာပြောဆိုထားပါတယ်။
အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာတာကို လက်မခံကြောင်းနဲ့ ပြန်လည်ရုပ်သိမ်းဖို့ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတယွန်ဆွတ်ယူးလ်က ပြန်လည်ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အတိုက်အခံ လွှတ်တော်အမတ် တွေက သမ္မတကို အယုံအကြည်မရှိအဆိုတင်သွင်းပြီး နုတ်ထွက်ပေးဖို့တောင်းဆိုထားပါတယ်။
တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီစည်းမျဉ်းတွေအပေါ်အခြေခံပြီး ကိုရီးယားပြည်သူတွေနဲ့ အမေရိကန်-ကိုရီးယား မဟာမိတ်ဖြစ်မှုတွေကို အခိုင်အမာထောက်ခံအားပေးပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က သူ့ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ သမ္မတ Yoon Suk Yeol က အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာမှာကိုကြိုတင်မသိခဲ့ဘဲ အလွန်အံ့အားသင့်စိုးရိမ်မိတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောဆိုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေနဲ့ မပြတ်ဆက်သွယ်ပြီး အခြေအနေတွေကိုအနီးကပ်စောင့် ကြည့်နေတယ်လို့လည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5