စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
မေလတုန်းက တောင်ကိုးရီးယားရဲ့ စစ်လက်နက်ပစ္စည်း အရောင်းမြှင့်တင်ရေး အခမ်းအနားကို တောင်ကိုးရီးယားဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Andrews က ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက တုံ့ပြန်လိုက်တာပါ။
ဆိုးလ်မြို့အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာအကွာ Pocheon မှာ မေလ၂ ရက်နေ့က လုပ်တဲ့ စစ်လက်နက် အခမ်းအနားကို နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသံတမန်တွေ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တဲ့အတွက်အထူးကိုယ်စားလှယ် Andrews က စိုးရိမ်တဲ့ သဘောထားကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်လက်နက်ပြပွဲမှာတော့ တင့်ကားတွေအပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေကို ပြသခဲ့ပါတယ်။
သံအမတ်ကြီးရဲ့ တက်ရောက်မှုဟာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်သလို၊ တောင်ကိုရီးယားရဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားမြစ်ချက်အပေါ် သံသယဖြစ်ရတယ်လို့လည်း ဂျနီဗာမှာရှိတဲ့ တောင်ကိုရီးယားသံရုံးကို ပေးပို့တဲ့စာမှာ အထူးကိုယ်စားလှယ်က ရေးသားခဲ့တာပါ။
တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့မှု တားမြစ်ချက်ကို တင်းတင်းကြပ်ကြပ် ဆက်လက်ကျင့်သုံးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဖိတ်ကြားချက်ဟာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအသင်းဝင်တွေထံ ပေးပို့ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ ဖိအားပေးတာတွေ တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီးမှာလည်း တိုက်တွန်းခဲ့ဖူးပါတယ်။
Your browser doesn’t support HTML5