သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူအများအပြား သေဆုံးဒဏ်ရာရမှု တွေဖြစ်ခဲ့ရ တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နလ်ထရမ့်က ဝမ်းနည်း ကြောင်း သီရိလင်္ကာဝန်ကြီးချုပ်ကို တယ်လီဖုန်းဆက်ပြီး ပြောခဲ့ပါတယ်။ သေဆုံးသူ နိုင်ငံခြားသားတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလည်း ပါဝင်ခဲ့တာပါ။ သီရိလင်္ကာနဲ့ အမေရိကန်တို့ပူး ပေါင်းပြီးအကြမ်းဖက်မှု ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းတွေကိုစုစည်းပြီး ကိုကျော်အောင်လွင်ဆက်ပြောပါ လိမ့်မယ်။
သီရိလင်္ကာနိုင်ငံက အထင်ကရ ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ဟိုတယ် ၄ ခုကို တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့လူ ၃၀၀ နီးပါး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ၅၀၀ လောက်ရှိတာပါ။ အခုချိန်ထိဘယ်သူတွေရဲ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်း လင်း မသိရသေးပေမဲ့ ဒေသခံ အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အုပ်စုတခု ဖြစ်တဲ့ National Thowfeek Jamaath (NTJ) အဖွဲ့ကို သံသယရှိနေပြီး ဒီအဖွဲ့နဲ့ နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းတွေဆက်စပ်မှုရှိ မရှိဆိုတာကို သီရိလင်္ကာအစိုးရက စုံစမ်းမယ်လို့ဆိုပါတယ်။ လောလောဆယ် သံသယရှိသူ ၂၀ကျော်ကို သီရိလင်္ကာ အာဏာပိုင်တွေက ဖမ်းဆီးထားပြီး နိုင်ငံတော်အရေးပေါ်ကြေညာချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။ အဓိကဖေါက်ခွဲသူတွေထဲမှာ (NTJ) အဖွဲ့က အသေခံဗုံးခွဲသမား ၇ဦးပါဝင် တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ကြိုးပမ်းနေတယ် လို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး Dinendra Ruwan Wijewardene ကပြောပါတယ်။
“လောလောဆယ်မှာ CID ပြစ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ သုံးပွင့်ဆိုင်အဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေအားလုံး ကိုလုပ်နေပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေ အားလုံးကို အမြန်ဆုံးဖမ်းဆီးနိုင်လိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ လောလောဆယ် ဖမ်းဆီးထားတဲ့ သူတွေဟာ ဘယ်သူတွေလည်း ဆိုတာကိုဖေါ်ထုတ်ထားပါပြီ။ အာဏာပိုင်တွေက လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလုပ်ပြီး အမြန်ဆုံး အရေးယူပါလိမ့်မယ်”
တကယ်တော့ ဒီဗုံးခွဲ တိုက်ခိုက်မှုမဖြစ်ခင်ကတည်းက နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တခုက သီရိလင်္ကာကို ကြိုပြီး သတိပေးထားတာရှိတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ် Ranil Wickremesinghe က အတည်ပြုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က သီရိလင်္ကာဝန်ကြီးချုပ်ကို တယ်လီဖုန်း ဆက်ပြီး ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ဝမ်းနည်းကြောင်းပြောပါတယ်။ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို ဥပဒေအရအရေးယူရေး ကြိုးပမ်းမှုတွေကို အမေရိကန်က ထောက်ခံ အားပေးကြောင်း ကတိပြုပြောဆိုခဲ့တယ် လို့လည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်တဦးက မနေ့ကပဲပြောပါတယ်။ ကမ္ဘာတဝှမ်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ခိုက်ရေးမှာ အခိုင်အမာလုပ်ဆောင်ကြဖို့ ကိုလည်း ခေါင်းဆောင်၂ဦးကထပ်ပြီးအတည်ပြုခဲ့ကြပါတယ်။ သေဆုံးခဲ့ သူတွေထဲမှာ အမေရိကန်နိုင်ငံသားတချို့ ပါဝင်တယ်ဆိုတဲ့အကြောင်းကိုတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက မနေ့ကပဲ အတည်ပြုချက်ပေးပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေအတွင်း ငြိမ်းငြိမ်းချမ်းချမ်းရှိနေခဲ့တဲ့ သီရိလင်္ကာနိုင်ငံကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထားခဲ့တာ ကြေကွဲစရာကိစ္စပါပဲ။ ထိခိုက်သေဆုံးရသူတွေရဲ့ မိသားစုတွေနဲ့အတူ ကျနော်တို့ ဝမ်းနည်းနေပါတယ်။ သေဆုံးသူတွေ ထဲမှာ အမေရိကန်နိုင်ငံသားတချို့လည်းပါဝင်တယ်လို့ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။ ဒါဟာ အမေရိကန်နဲ့လည်း ဆိုင်တဲ့ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ခိုက်ရေးကိစ္စဖြစ်ပါတယ်။”
သီရိလင်္ကာနဲ့ အမေရိကန်ပူးတွဲပြီး အကြမ်းဖက်ဝါဒကိုဖြေရှင်းကြမယ်လို့လည်း ဝန်ကြီးပွန်ပီယိုက ပြောပါတယ်။ သေဆုံး သူနိုင်ငံခြားသား ၃၀ကျော်ရှိပြီး အဲဒီထဲမှာ အမေရိကန်က အနည်းဆုံး ၄ ဦး၊ ဗြိတန်က ၈ဦး၊ တရုတ်က ၂ဦး၊ အိန္ဒိယက ၅ ဦး၊ တူရကီက ၂ ဦး၊ သြစတေးလျှ ၂ဦးအပြင် နယ်သာလန်၊ ဂျပန်နဲ့ ပေါ်တူဂီနိုင်ငံသားတွေလည်း ပါဝင်ကြ ပါတယ်။
ဒီကနေ့ အင်္ဂါနေ့ကို နိုင်ငံတော် ဝမ်းနည်းကြေကွဲမှုနေ့ အဖြစ် သီရိလင်္ကာအစိုးရက သတ်မှတ်ထားပြီး မြို့တော်ကိုလံဘိုမှာ ညမထွက်ရအမိန့်နဲ့ အင်တာနက် လူမှုကွန်ယက် သုံးစွဲမှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။
တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်မှုတွေဟာ သီရိလင်္ကာနိုင်ငံရဲ့ ပြည်တွင်းစစ်ပြီးဆုံးပြီး ဆယ်စုနှစ် တခုအကြာမှာ ပထမဆုံး ဖြစ်ပွားခဲ့တဲ့ အဆိုးဝါးဆုံးအကြမ်းဖက်မှုလည်းဖြစ်ပါတယ်။ မြို့တော် ကိုလံဘိုမှာ နေထိုင်သူ အမျိုးသားတဦးကတော့ ပြည်တွင်းစစ်ကာလအတွင်း ပေါက်ကွဲမှုတွေ အများအပြား ကိုလံဘိုမြို့က ကြုံခဲ့ရဖူးပေမဲ့ မဖြစ်တာကြာလို့ တအံ့တသြ ဖြစ်ရတယ်လို့ဆိုပါတယ်။
“နှစ်ပေါင်းသုံးဆယ်ကြာ ဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ် ကာလအတွင်း ကိုလံဘိုမြို့မှာ ပေါက်ကွဲမှုတွေတော်တော်များများဖြစ်ခဲ့ တာပါ။ လေဆိပ်ကိုဖေါက်ခွဲတာတွေ၊ ဗဟိုဘဏ်ကိုဖေါက်ခွဲတာတွေက ကျနော်တို့ကြုံနေကျကိစ္စတွေဖြစ်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်လောက်အတွင်းငြိမ်းချမ်းနေခဲ့လို့ ဒီငြိမ်းချမ်းမှုနဲ့ ကျနော်တို့က နေသားကျနေတာပါလို့ ပြောသွားခဲ့တာပါ။”
နောက်ဆက်တွဲ တိုက်ခိုက်မှုတွေလည်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ၊ တွက်ချက်မှုတွေလည်း ရှိနေတာကြောင့် သီရိ လင်္ကာနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ် အပါအဝင် နေရာတော်တော်များများမှာ လုံခြုံရေးတင်းကျပ်မှုတွေရှိနေပါတယ်။
Your browser doesn’t support HTML5