၅ ရက်ကြာ ကနေဒါခရီး ဒေါ်စု စတင်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်စတင် (MOFA)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့ ညမှာ ရန်ကုန်လေဆိပ်ကနေ ကနေဒါ နိုင်ငံ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီး စတင် ထွက်ခွါသွားပါပြီ။ ဒီကနေ့ ဇွန်လ ၅ ရက် တနင်္လာနေ့ကနေ ဇွန်လ ၉ ရက် သောကြာနေ့ အထိ သွားရောက်တဲ့ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူတို့လလည်း လိုက်ပါသွားပါတယ်။

Daw Aung San Suu Kyi canada trip (MOFA)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး ဖက်ဒရယ်ဝါဒနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စရပ်တွေကိုဆွေးနွေးမှာ ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရာမှာ ကနေဒါက ဆက်လက်အကူညီပေး သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ မနက် ၁၀ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို တိုရန်တိုက Royal York ဟော်တယ်မှာ ကနေဒါ -မြန်မာ မိသားစုများက ကြိုဆိုမှာ ဖြစ်ပါတယ်။ ၅ ရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံဖို့ရှိသလို ကနေဒါနိုင်ငံကနေ မထွက်ခွါခင် သောကြာနေ့ မှာတော့ ကနေဒါရောက် မြန်မာမိသားစုတွေနဲ့ တိုရန်တိုမြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ထိပ်တန်းဆုတခု ဖြစ်တဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ရရှိသူ ၆ ယောက်ထဲက တယောက်ဖြစ်ပါတယ်။

ကနေဒါကနေ အပြန်မှာ ဆွီဒင်က လွှတ်တော်ဥက္ကဌ မစ္စတာ အော်ရိဘန် အာလင်း နဲ့ ဆွီဒင် ဝန်ကြီးချုပ် မစ္စတာ စတီဖန် လိုဗန် တို့ရဲ့ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

၅ ရက်ကြာ ကနေဒါခရီး ဒေါ်စု စတင်