တိုင်းပြည်ရဲ့ ပကတိအခြေအနေတွေကို ထောက်ပြပြောဆိုတာကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲ ထောင်ချထားခံထားရတဲ့ ကျောင်းသားတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသကျောင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် ကျောင်းသား ကျောင်းသားတွေက ဆန္ဒပြဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အခုလိုတောင်းဆိုခဲ့ကြတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သမဂ္ဂ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြရပါသလဲ-မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူဖို့ ရောက်ရှိလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသ ကျောင်းသားတွေက ဖမ်းဆီးခံကျောင်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး အပါအဝင် ကျောင်းသားထုရဲ့ အခွင့်အရေးတွေ အတွက် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
ဗကသများအဖွဲ့ချုပ်က ကျောင်းသူကျောင်းသားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘာကြောင့် ဆန္ဒပြခဲ့ရပါသလဲ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဗကသ အထွေအထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
"ဒီကနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ကျောင်းသားအခွင့်အရေးကိစ္စအပါအဝင်ပေါ့ 7 July ကျနော်တို့ ချီတက်တဲ့အချိန်မှာ ကျနော်တို့ကို တရားစွဲဆိုတဲ့ ကိစ္စရပ်မျိုး ဒီလိုမျိုး 7 July အခမ်းအနားတွေပေါ်မှာ ပုဒ်မ ၁၉ တပ် ပြီးတော့ တရားစွဲဆိုမှုတွေ ရှိနေတယ်။ ပြီးတဲ့အခါမှာ ဒီအောင်သပြေကိစ္စမှာ ပါနေတဲ့ ထူးဝေယံလိုကိစ္စရပ်မျိုးတွေ ရှိနေတယ်။ အဲ့တော့ ဒီလိုမျိုးဖြစ်နေတဲ့ ကိစ္စရပ်တွေကို ဒေါ်အောင်ဆန်းစုကြည် မသိလို့လားဆိုတဲ့ ကိစ္စရပ်ကိုမှ ကျနော်တို့ သံသယရှိတယ်။ တကယ် ကိုယ်တိုင်က သူကိုယ်တိုင် မသိဘူးလို့လည်း ယူဆတဲ့အတွက်ကြောင့်မို့လို့ ဒီကနေ့ အဲ့လိုမျိုးလုပ်ကြရတာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီကနေ့ ရန်ကုန်တိုင်းမှာ ဖြစ်နေတဲ့ ကျောင်းသားအခွင့်အရေး ဆုံးရှုံးတာတွေ၊ မန္တလေးတိုင်းမှာ ဖြစ်ပျက်နေတဲ့ ကျောင်းသားငယ်လေးတွေကို ဖမ်းတဲ့ ကိစ္စရပ်မျိုးတွေ ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်တယ်။ ပြီးတဲ့အခါမှာ မျက်နှာချင်းဆိုင်ပြီးတော့ ကျနော်တို့တွေနဲ့ ကင်းကွာနေသယောင်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင်ပြီး ကျနော်တို့တွေရဲ့ ခံစားချက်ကို ကျနော်တို့ ဖော်ထုတ်တာ ဖြစ်တယ်။"
တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေကို သံချပ်ထိုးထောက်ပြခဲ့ကြတဲ့ ကျောင်းသားတွေအပါအဝင် ဒီမိုကရေစီအင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပါအဝင် အာဏာပိုင်တွေဘက်က ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲဆို ထောင်ချနေတဲ့ အခြေအနေကို ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရအနေနဲ့ တာဝန်မဲ့ လျစ်လျူမရှု့ထားသင့်ဘူးလို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အထွေအထွေအတွင်းရေးမှူးက ဝေဖန်သွားပါတယ်။
"မတရားအဖမ်းခံရတယ်ဆိုရင် လွှတ်မှာပေါ့ဆိုတဲ့ စကားလုံး တလုံးပဲ ပြောသွားပါတယ်ပေါ့နော်။ အဲ့တော့ သူ့ဘက်က တုံ့ပြန်ချက်ကတော့ ဟိုးတုန်းကလို ကျနော်တို့တွေ ကြားထဲမှာရှိတဲ့ နွေးထွေးမှု မရှိတော့ဘူးလို့ တော့ ခံစားရပါတယ်ပေါ့နော်။ အဓိကပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြောရမယ့်ကိစ္စရပ်ကတော့ အခြားမဟုတ်ဘူး ဒီကနေ့ စစ်အုပ်စုရဲ့ လက်ကိုင်ဖြစ်တဲ့ ပြည်ထဲရေး သြဇာခံနေတဲ့ ရဲတပ်ဖွဲ့တွေက ထင်တိုင်းကြဲနေတယ်။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရရဲ့ ဂုဏ်သိက္ခာကျအောင် လုပ်နေတာတွေ ဖြစ်တယ်။ ဒီလိုမျိုး ကိစ္စရပ်မျိုးတွေကို ကျနော်တို့ဟာ လက်ပိုက်ကြည့်မနေသင့်တော့ဘူး။ ပြည်ထဲရေးနဲ့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် ကောင်းကျိုး ဘာမှလုပ်မှာ မဟုတ်ဘူး။ တနည်းအားဖြင့် ပြောရင် လူထုကောင်းကျိုး ဘာမှလုပ်မှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့် လက်ပိုက်မကြည့်တော့ဘဲနဲ့ စစ်အုပ်စု လမ်းခွဲသင့်ပြီ။ စစ်အုပ်စုနဲ့ နီးစပ်နေတဲ့ လုပ်ငန်းစဉ် အစ၊ အလယ်၊ အဆုံး အားလုံးကို ကျနော်တို့က အစကနေပြန် ပြောင်းဖို့ လူထုနဲ့ နီးစပ်တဲ့ လူထု အခြေပြုတဲ့အင်အားစုနဲ့ နီးစပ်တဲ့ အခင်းအကျင်းတခုကို ဖန်တီးသင့်တဲ့ အခြေအနေ အထားတခုကို ရောက်နေပါပြီ။ လူထုကို ဒုက္ခရောက်မယ့်ကိစ္စက လွဲလို့ အခြားဘာကိစ္စမှ လုပ်မှာ မဟုတ်တဲ့ စစ်အုပ်စုကိုတော့ ကျနော်တို့ ဒါလမ်းခွဲသင့်နေပြီဆိုတာကို ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။"
အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ရောက်ရှိလာစဉ် ဗကသ သမဂ္ဂ ကျောင်းသား ကျောင်းသူတွေဘက်က ကျောင်းသားထုအခွင့်အရေး ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာဟာ နိုင်ငံသားတို့ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အဖြစ် အသံ-လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ကြိုဆိုပါတယ်။
အသံ-လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့က ကိုရဲဝေဖြိုးအောင်က အခုလိုပြောပါတယ်။ -
"ကျနော်တို့ ဒါ ကျောင်းသားတွေရဲ့ တောင်းဆိုချက်က သုံးခု ရှိတာတွေ့ရတယ်။ အခုကကျတော့ ဒီ အဆောင်တွေ ပြဿနာတွေ ကိစ္စတွေ အခု လက်ရှိဒေါင်းတို့ မျိုးဆက်မှာပါတဲ့ ကျောင်းသားတွေအပါအဝင် အခြားကျောင်းသားတွေ ဖမ်းဆီးခံထားရတာ လွှတ်မြောက်ဖို့ပေါ့။ နောက်တခုက အောင်သပြေကျေးရွာကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ ကိုးတန်းကျောင်းသားလေး တယောက် မဆီမဆိုင် အဖမ်းခံထားရတာပေါ့နော် သူပြန်လွှတ်မြောက်ဖို့ပေါ့။ အဲ့အဓိက အချက် သုံးချက်တွေ့ရတယ်။ သူတို့ လုပ်တာလည်း ကြိုဆိုတယ်။ ဒါကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ရဲရဲဝင့်ဝင့်နဲ့ သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်လာတာပေါ့။ နောက်တခုက ဒီလို ဒေါ်အောင်ဆန်းစုကြည် ဒီကျောင်းကိုလာတဲ့အချိန်မှာ ဆန္ဒပြတောင်းဆိုတာ ကောင်းတဲ့ကိစ္စတခုပဲပေါ့နော်။ ဘာလို့ကောင်းတဲ့ကိစ္စတခုလည်းဆိုတော့ ကျနော်တို့က တဘက်မှာက နိုင်ငံရေး ပြဿနာအားဖြင့် ဘာကိုတွေ့ရလည်းဆိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမြေပြင်မှာ ဖြစ်ပျက်နေတဲ့ တကယ့် အဖြစ်အပျက်တွေ အချက်အလက်တွေကို တကယ်ရော သိရောသိရဲ့လားဆိုတာ ပြဿနာပဲ။ ကျနော်တို့ တခါတခါ ဒေါ်အောင်ဆန်းစုကြည် နှုတ်ကထွက်ခဲ့တဲ့ စကားတွေ နားထောင်တာ ကြားရလို့ရှိရင် တခါတခါ အံ့သြမိခဲ့တဲ့ အခြေအနေတောင် ရှိတယ်ပေါ့နော်။ သူက တကယ့် မြေပြင်အခြေအနေ တကယ်သိရောသိရဲ့လားဆိုတဲ့ အခြေအနေဖြစ်လာတာပေါ့နော်။ ဒီလိုအခြေအနေမျိုးမှာ ကျောင်းသားတွေက တကယ့် မြေပြင် အခြေအနေကို ပြောပြခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်လည်း သိလာနိုင်တယ်ပေါ့နော်။ အဲ့ဒီတော့ ဒီနေ့လိုဟာမျိုးက ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင်သိရဲ့လား။ မသိလို့ရှိရင် သူ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အဖြေတခု ပေါ်ပေါက်လာမယ်လို့ မြင်ပါတယ်။"
ဒီကနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် ဆန္ဒပြဖို့စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က လာရောက်စကားပြောခဲ့တာရှိသလို ဆိုင်းဘုတ်တွေ မကိုင်ဆောင်ဖို့လည်း ရဲတာဝန်ရှိသူတွေဘက်က ဟန့်တားပိတ်ပင်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကံကော်ပန်းခြံ ထဲဝင်ရောက်ချိန်မှာတော့ သမဂ္ဂကျောင်းသားကျောင်းသူတွေက ဘေးကနေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အခုလိုဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသားကျောင်းသူတွေက ဆန္ဒပြတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မသိကျိုးကျင် လျစ်လျု ပြုထားတယ်ဆိုပြီးလည်း နိုင်ငံတကာခရီးစဉ်အချို့မှာလည်း သူ့ကိုဆန္ဒပြခဲ့ကြတာရှိသလို လက်ပံတောင်းကြေးနီ စီမံကိန်းအရေး ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ်တုန်းကလည်း ဒေသခံတွေဘက်က ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။
Your browser doesn’t support HTML5