ဆီးရီးယားနိုင်ငံထဲ အစ္စရေးတိုက်ခိုက်မှု သေဆုံးသူ ၁၈ ဦးအထိ တိုးလာ

တနင်္ဂနွေညက အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ ဟာမာခရိုင်ထဲက အဝေးပြေးလမ်းမကြီးပျက်စီးတာနဲ့အတူ နိင်ငံအလယ်ပိုင်း တခြားနေရာအတော်များများကိုထိခိုက်ခဲ့ပါတယ်။​ (စက်တင်ဘာ ၉၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံထဲ အစ္စရေးရဲ့ တနင်္ဂနွေနေ့ညက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈ ဦးထိတိုးလာပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိတယ်လို့ ဆီးရီးယား ကျန်းမာရေးဌာနက တနင်္လာနေ့မှာပြောပါတယ်။ ဒါဟာ ဂါဇာစစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း လူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အစ္စရေးတို့ပစ်မှတ်ထားခဲ့တဲ့နေရာတွေထဲမှာ လက်နက်တွေတီထွင်ထုတ်လုပ်ရေး သုတေသနဌာနတခုလည်းပါဝင်တယ်လို့ စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့တခုက ပြောပါတယ်။ ဆီးရီးယားကတော့ အရပ်သားတွေရဲ့နေရာလည်း ပစ်မှတ်ထားခြင်း ခံခဲ့ရတယ်လို့ ပြောပါတယ်။ အီရန်နဲ့ လက်ဘနွန်နိုင်ငံထဲက ဟက်ဇ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ဆီးရီးယားနိုင်ငံထဲက နေရာတွေကို အစ္စရေးက ပုံမှန် ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဟက်ဇ်ဘိုလာလက်နက်ကိုင်တို့ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ ဟာမတ်စ်တို့ရဲ့ မဟာမိတ်ဖြစ်ပါတယ်။ ဂါဇာမှာ ဟာမတ်စ်တို့နဲ့ ၁၁ လကြာ စစ်ဖြစ်နေတဲ့ အစ္စရေးတပ်နဲ့ ဟက်ဇ်ဘိုလာလက်နက်ကိုင်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက် ဆီးရီးယားနိုင်ငံထဲကို အစ္စရေးက ခပ်စိပ်စိပ် ပစ်ခတ်တိုက်ခိုက်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းတနင်္ဂနွေနေ့ည အစ္စရေးရဲ့ တိုက်ခိုက်မှုအင်အားနဲ့ လူသေဆုံးတဲ့အရေအတွက်ကတော့ ပုံမှန်မဟုတ်ပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေးစစ်တပ်ဘက်ကတော့ မှတ်ချက်စကားတွေ ချက်ချင်းထွက်မလာသေးပါဘူး။ စစ်ဘေးသင့် ဆီးရီးယား နိုင်ငံရဲ့ အစိုးရထိန်းချုပ်နယ်မြေတွေထဲက ပစ်မှတ်တွေကို အစ္စရေးက လတ်တလောနှစ်တွေအတွင်း အကြိမ်ရာနဲ့ချီ ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် အဲဒီ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ငြင်းဆိုတာ၊ ဝန်ခံတာမျိုး မရှိပါဘူး။ဆီးရီးယားတပ်ဖွဲ့တွေ သို့မဟုတ် အီရန်ကျောထောက် နောက်ခံပြုထားတဲ့ အဖွဲ့တွေကို အစ္စရေးက ခုလို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားနိုင်ငံထဲ အစ္စရေးတိုက်ခိုက်မှု သေဆုံးသူ ၁၈ ဦးအထိ တိုးလာ