ဆီးရီးယားလူသားချင်းစာနာမှု ရုရှား နေ့စဉ် ၅ နာရီ အပစ်ရပ်

ဆီးရီးယားနိုင်ငံမြို့တော် Damascus အနီးမှာ ရုရှားက ဆီးရီးယား သူပုန်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာကနေ အရပ်သားတွေ စစ်ရှောင်ထွက်ပြေးနိုင်ရန်အတွက် ၅ နာရီကြာ လူသားချင်းစာနာမှုဆိုင်ရာ နေ့စဉ် ခေတ္တအပစ်အခတ်ရပ်စဲရေး အမိန့်ကို ရုရှားသမ္မတ Vladimir Putin ကတနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်ဟာ အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၉ နာရီကနေ နေ့လည်း ၂ နာရီ အတွင်း ရုရှားက အပစ်ခတ်မလုပ်ပဲ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကပြောပါတယ်။ ဒါဟာ အရပ်သားတွေ ထိခိုက်သေကြေမှုမရှိအောင် ရှောင်ရှားနိုင်ဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းကို ဖန်တီးပေးလိုက်တာမို့ အရပ်သားတွေ ဒီမြို့ကနေ ထွက်ခွါသွားနိုင်မှာ ဖြစ်ကြောင်းနဲ့ အရပ်သားတွေ ဘယ်လမ်းကြောင်းကနေ သွားနိုင်တယ်ဆိုတဲ့ အချက်အလက်အတိအကျ ဖေါ်ပြထားတဲ့ စာရွက်တွေကို ဆီးရီးယား အာဏာပိုင်တွေက ဖြန့်ဝေပေးနေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားမှာ ရက်ပေါင်း ၃၀ အပစ်ခတ်ရပ်စဲရေး စတင်ဖို့ တခဲနက် တောင်းဆိုချက်ထုတ်ပြန်ခဲ့ပြီး ၂ ရက် အကြာ အပစ်ရပ်ရေး ပျက်ပြားတော့မယ့် အခြေနေမှာပဲ သမ္မတ Putin ရဲ့ အမိန့်ထွက်လာတာပါ။ Damascus ဆင်ခြေဖုံး အရှေ့ Ghouta အရပ်မှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး တနင်္လာနေ့မှာပဲ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ Ghouta အရပ်က ဆေးရုံတွေနဲ့ အရပ်သားတွေကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာတွေ့ရတဲ့ အတွက် အထူးစိတ်ပူကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က တူရကီသမ္မတ Recep Tayyip Erdogan ကို တယ်လီဖုံး နဲ့ ဆက်သွယ်ပြောကြားခဲ့ ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားလူသားချင်းစာနာမှု ရုရှား နေ့စဉ် ၅ နာရီ အပစ်ရပ်