ထိုင်းနယ်ထဲမှာရောက်နေတဲ့ ဝနီခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့တွေ ဆုတ်ခွာရေး ဆက်ပြီး စေ့စပ်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အမှတ် ၃ ဒေသ စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Kittipong Jamsuwan ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
USWA ဝ လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရကတော့ "ထိုင်းနယ်စပ်အရေး နိုင်ငံအချင်းချင်း အလွတ် သဘော ဆွေးနွေးကြတာတပိုင်းပေါ့။ နယ်စပ်တည်ငြိမ်ရေးတွေအတွက် မနေ့က မြေပြင်မှာရှိကြတဲ့ ကျနော်တို့အရာရှိငယ်တချို့နဲ့ ထိုင်းဘက်ကအရာရှိတချို့တွေ့ဆုံကြပြီး အပြန်အလှန်နားလည်မှ ုယူကြတာရှိပါတယ်” လို့ VOA ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ဒီကနေ့မှာ ပြောပါတယ်။ ထိုင်းစစ်တပ်က ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့နေရာတွေဟာ UWSA နှစ်ပေါင်း သုံးဆယ်လောက် အခြေချနေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ VOA ကို ပြောထားပါတယ်။ စခန်းတွေ ဖယ်ပေးဖို့ တောင်းဆိုတာကို အတည်ပြုပြီး ဒီကိစ္စဟာ နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့်ကိစ္စဖြစ်ကြောင်းလည်း VOA ကို ပြောဆိုပါတယ်။
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးဖို့ ထိုင်းစစ်တပ်က တောင်းဆိုခဲ့ပါတယ်။ ဝ တပ်ဖွဲ့တွေရဲ့ စခန်းချထားတဲ့နေရာတွေဟာ ထိုင်းနိုင်ငံပိုင်နယ်အဖြစ် အငြင်းပွားနေတဲ့ နယ်မြေ ၇ ခုမှာ ဖြစ်တဲ့အတွက် ဆုတ်ခွာပေးရမယ်လို့ ထိုင်းစစ်တပ်က တောင်းဆို ထားပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ လမ်းဖွင့်ပေးထားပြီး စစ်ရေးအရ ဖြေရှင်းတာကို နောက်ဆုံး မဖြစ်နိုင်တဲ့အခြေအနေမှ ရွေးချယ်မှာဖြစ်တယ်လို့လည်း ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီးက ကြေညာချက်ထုတ်ပြန်ပါတယ်။ အဆင့်တိုင်းမှာ ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း ပြောဆိုပါတယ်။