တောင်တွင်းကြီးဆူပူမှု သံသယရှိသူ ၅ဦး ဖမ်းဆီး စစ်ဆေးနေ

တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)

တောင်တွင်းကြီးမြို့တနေရာ (Thet Swe Win)

တောင်တွင်းကြီးမြို့မှာရှိတဲ့ မွတ်ဆလင်ဗလီတခုအနီးမှာ ဆိုင်အချို့ကို ဖျက်ဆီးခဲ့တဲ့သူတွေလို့ သံသယရှိသူ ပေါင်း ၅ဦးကို စစ်ဆေးမေးမြန်းပြီး ကွင်းဆက် တရားခံတွေကို ဆက်လက်ဖော်ထုတ်ဖို့ လုပ်နေတယ်လို့ အစိုးရဘက်ကတာဝန်ရှိသူတွေက ပြောပါတယ်။ တနင်္ဂနွေနေ့က အခင်းဖြစ်မှုဟာ လူအုပ်စုတစုကနေ ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် အကြမ်းဖက် ဖန်တီးလှုံ့ဆော်တဲ့အနေအထားတွေတွေ့ရတယ်လို့ ဒေသခံမျက်မြင်ကြုံသူတွေဘက်က ပြောဆိုပါတယ်။ ရဲတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက တောင်တွင်းကြီးဘက်မှာ လုံခြုံရေးတိုးမြင့်ပေးထားပြီး နောက်ထပ် ဘာသာရေး လူမျိုးရေးအဓိကရုဏ်းပုံစံမျိုးတွေမဖြစ်ဖို့မြို့နေ လူထုနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ် နေကြပါတယ်။ ဒီသတင်းတွေကို ဗွီအိုအေ သတင်းဌာနကမေခ ပေးပို့ထားတာပါ။

မကွေးတိုင်း တောင်တွင်းကြီးမြို့ မှာ မနေ့တနင်္ဂနွေညကအဓိကရုန်းဖြစ်ပြီးတဲ့နောက် ဆူပူမှုဖြစ်အောင်လှုံ့ဆော်သူလို့ သံသယရှိသူတွေကို စစ်နေဆဲဖြစ်တယ် လို့ တောင်းတွင်းကြီးမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။

“ဟုတ်ကဲ့ရှင့် အဲဒီအမူကလေ အခုထိ စစ်ဆေးနေတုန်း၊ စစ်ဆေးနေစဲပါပဲရှင့်။”

အယောက် ၃၀လောက်ရှိတဲ့ လူအုပ်စုတစုက ဖျက်ဆီးတာတွေ လုပ်ခဲ့ပေမယ့် လူ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ဘူးလို့ ရပ်မိရပ်ဖဒေသ ခံတဦးကပြောပါတယ်။ အခြေအနေကိုတော့ ထိန်းချုပ်နိုင်ပြီလို့ အဲဒီ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ နောက်ဒီကိစ္စနဲ့ပတ်သတ်လို့ သံသယရှိသူ ၁၀ဦးထက်မနည်းကို ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံ တွေကပြောဆိုကြပါတယ်။ ဒါကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကို အတည်ပြုဖို့ကြိုးစားပေမယ့် ဖော်ထုတ် ပြောဖို့ငြင်း ဆိုကြပြီး စစ်မေးဆဲကာလမို့ ပြောဆိုဖို့ မရသေးကြောင်းဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပဋိပက္ခနောက်ဆက်တွဲအခြေအနေနဲ့အတူပဲ၊ လူမျိုးရေး ဘာသာရေးဆန့်ကျင်လှုံ့ဆော်ရေးသားမှုတွေ လူမှုမီဒီယာအချို့မှာ ပြန့်နှံနေတာပါ။

မနေ့ညကအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံသူ ရပ်မိရပ်ဖတဦးလည်းဖြစ်တဲ့ ဒေသခံပရဟိတသမားတယောက်ကတော့ ဒီအဖြစ်အပျက်ဟာ ကြိုတင်အစီစဉ်တ ကျစီစဉ်ထားတဲ့ပုံစံမျိုး တွေ့ရတယ်လို့ပြောပါတယ်။ မြို့မှာနေကြတဲ့ ၂ဖက်အသိုင်းအဝိုင်းအကြား အကြောက်တရားနဲ့ နေထိုင်နေရတယ်လို့လည်းပြောဆို လိုက်ပြီး လက်ရှိအခြေအနေ၊ ကိုယ်တိုင်တွေ့ကြုံတာတွေနဲ့ပတ်သတ်လို့ ခုလိုပြောပြသွားတာပါ။

“၂ ဆိုင်ကတော့ ပျက်စီးသွားတယ်ပေါ့ မိုဘိုင်းဖုန်းဆိုင်လေးကတော့ ဆိုင်တံခါးတွေပွင့်ပြီးတော့ အရှေ့က ဖုန်းတွေဘာတွေ ပြောက်တယ်လို့ပြောတယ်ပေါ့။ သိန်း ၅၀ ဖိုးလောက်ဆုံးရှုံးသွားတယ်လို့ပြောတယ်။ ကျန်တဲ့ဆိုင်ကတော့ တံခါးပျက်သွားတယ်။ ဘယ်လိုကြောင့်ဖြစ်သလဲဆိုတော့ ပုံမှန်ကတော့အမ ဒီမှာ လူစုလူဝေးရဲ့နောက်မှာ အဖွဲ့အစည်းတဖွဲ့က နောက်ကနေပြီးတော့ ခိုင်းတယ်လို့ ကျနော်တို့ သတ်မှတ်လို့ရတယ်။ ဖြစ်နေတဲ့အချိန်မှာ ကျနော်လည်းရှိတယ်။ ကျနော်မြင်တာကတော့ KTV ရှေ့က ကွမ်းယာဆိုင်လေးမှာ ဖြစ်နေတယ် ပြီးတော့ ထွက်လာတယ်၊ ရိုးမဘဏ်ဘေးက သန်းထွေးစက်ပစ္စည်းဆိုင် တံခါးပိတ်ထားတယ်ဆိုတော့ အရှေ့က ပစ္စည်းတွေကို ဟိုရိုက်ဒီရောက်လုပ်တယ် ပြီးတော့ ကုလားဗလီကိုသွားတယ်၊ ကုလားဗလီပြီးတော့ အရှေ့ဘက်သွားမယ်ဆိုပြီး နောက်ဒီတခါ အနောက်ရပ်ကွက်ကိုသွားမယ်ဆိုပြီးတော့ သူတို့ဆက်ထွက်သွားတယ်။ အဲလိုကျနော်တို့မြင်လိုက်တာပေါ့နော်။ ကျနော်တို့မြို့မှာ ဖြစ်နေတာက ဗမာက ကုလားကြောက်၊ ကုလားက ဗမာကြောက် အဲလိုပုံစံဖြစ်နေပြီ။”

နောက်ထပ် ဘာသာရေး လူမျိုးရေးအရ အဓိကရုဏ်းပုံစံမျိုးတွေမဖြစ်ဖို့မြို့နေလူထုနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ပြောလာသူက အဲဒီဒေသရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ထွန်းပါ။

“ကျနော်တို့ကတော့ ကိုယ့်တောင်တွင်းကြီးမြို့ပေါ့နော် ကျနော်တို့မြို့နယ်မှာကို ညတုန်းကလို အဲဒီလို ဆူပူသောင်းကျန်းမှု လှုံ့ဆော်တဲ့အနေအထားအထိမရောက်အောင် နောက်ပြီးတော့ မြို့ခံလူထုအားလုံးမှာ အကြောက်တရားဖြစ်ထွန်းစေတာမျိုးအားလုံးကို ကျနော်တို့အနေနဲ့ မဖြစ်ပွားအောင်ပေါ့နော် ဒီမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု လက်ရှိတာဝန်ယူနေတဲ့ အာဏာပိုင်အဖွဲ့အစည်းအသီးသီးနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ပေါ့နော် ဒီအစီအမံတွေ ကျနေ်ာတို့ ဒီအစည်းအဝေးမှာဆွဲမယ်ပေါ့နော်။ ညပိုင်းမှာ လှုံ့ဆော်မှုတခုရှိလာခဲ့ရင် ကျနော်တို့ နိုင်နင်းအောင်ထိန်းသိမ်းသွားမယ်ပေါ့နော် ဒီလိုဟာမျိုးကို ကျနော်တို့ အစည်းအဝေးထိုင်ကြမှာလေ။”

NLD အစိုးရလက်ထက် တိုင်းပြည်တည်ငြိမ်တိုးတက်မှာကို မလိုလား အနှောင့်အယှက်ပေးလိုတဲ့ အင်အားစုတွေရှိနေပြီး ပြည်သူတွေအနေနဲ့ သတိထားကြဖို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကသတိပေးပြောဆိုထားသလို ဘယ်သူရယ် ဘယ်ဝါရယ် ပြစ်မှုကျူးလွန်တယ်ဆိုပြီးလျော့ပေါ့မှာမဟုတ်ဘဲ ဥပဒေအရ တိကျစွာအရေးယူမယ်လို့ ပြောဆိုထားပါတယ်။

အစိုးရဘက်က တရားဝင်ထုတ်ပြန်ထားချက်အရ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူ နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို ကို ပြဿနာဖြစ်တဲ့ ညက ဖမ်းဆီးရမိ ခဲ့ပြီးသူ့ကိုစစ်မေးချက်အရ ဒီမနက်မှာတော့ နောက်ထပ်သံသရရှိသူလို့ ယူဆရတဲ့ စိုးသူ (၃၃) နှစ်၊သိန်းဇံဌေး (၂၂) နှစ် ၊ နိုင်အောင်ထက် (၂၇) နှစ် နဲ့ စည်သူအောင် (၁၈) နှစ်စတဲ့စုစုပေါင်း ၅ ဦးကို ထိန်းသိမ်း၍ စိစစ်မေးမြန်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

တောင်တွင်းကြီးဆူပူမှု သံသယရှိသူ ၅ဦး ဖမ်းဆီး စစ်ဆေးနေ