ဗြိတိန်မှာ ကျင်းနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွေမှာတော့ လက်ရှိချန်ပီယံ နိုဘက်ဂျိုကိုဗစ်ချ် နဲ့ ဆွစ်ဇာလန်က နာမည်ကြီး ရော်ဂျာဖယ်ဒရာတို့ အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားကြပါပြီ။
အမျိုးသားတဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သောကြာနေ့က ကစားခဲ့ကြပြီး၊ ပထမဆီမီးဖိုင်နယ်မှာတော့ ချန်ပီယံ ဂျိုကိုဗစ်ချ်က စပိန်က Roberto Bautista Agut ကို ၆ -၂ ၊ ၄ - ၆ ၊ ၆ - ၃ ၊ ၆ -၂ နဲ့ နိုင်သွားပါတယ်။
ဒုတိယ ဆီမီးဖိုင်နယ်မှာတော့ ဒီနှစ်ပြိုင်ပွဲအတွက် အဆင့် ၂ နဲ့ ၃ သတ်မှတ်ထားတဲ့ ရော်ဂျာ ဖယ်ဒရာ နဲ့ ရာဖဲလ်နဒါးလ်တို့ ကစားခဲ့ကြတာပါ။ ဒီပွဲကို ကမ္ဘာတဝှမ်းက တင်းနစ်ပရိသတ်တွေ အတော်များများကလည်း စောင့်ကြည့်ခဲ့ကြပြီး၊ ၂ ယောက်စလုံးကလည်း ရေကုန်ရေခမ်း ကစားခဲ့ကြတာပါ။
ပထမပွဲမှာတော့ Tie Break အထိ အကြိတ်အနယ်ကစားပြီး ဖယ်ဒရာက ၇-၆ နဲ့နိုင်ပါတယ်။ ဒုတိယပွဲမှာတော့ နဒါလ်းက ဖယ်ဒရာကို ၆-၁ နဲ့ ပြန်ပြီးတော့ နိုင်တာကြောင့် ၁ ပွဲ စီ သရေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တတိယ နဲ့ စတုတ္ထပွဲတွေမှာတော့ ဖယ်ဒရာက ၆-၃ ၊ ၆-၄ နဲ့နိုင်ပြီး နောက်ဆုံးမှာ ၃ ပွဲ ၁ ပွဲ နဲ့ ဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ ဒါဟာ ဖယ်ဒရာအတွက်တော့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကို ၁၂ ကြိမ် မြောက် နောက်ဆုံးဖိုင်နယ်ကို တက်တာဖြစ်ပါတယ်။
ဒါကြောင့် ဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့် ၁ နိုဘက် ဂျိုကိုဗစ်ချ် နဲ့ ရော်ဂျာဖယ်ဒရာတို့က တနင်္ဂနွေနေ့မှာ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ချ်က ဝင်ဘယ်လ်ဒန်ကို ၄ ကြိမ် ရထားပြီး၊ ဖယ်ဒရာက ဝင်ဘယ်လ်ဒန်ကို ရှစ် ကြိမ် နဲ့ အမျိုးသားဘက်မှာ အများဆုံး ရထားတာဖြစ်ပါတယ်။
အမျိုးသမီး တဦးချင်းဖိုင်နယ်ကိုတော့ စနေနေ့မှာ ကစားမှာ ဖြစ်ပြီး အမေရိကန် ဆရီနာဝီလီယံ နဲ့ ရိုမေးနီးယား ဆီမိုနာဟာလပ် တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5