ဝင်ဘယ်လ်ဒန်အမျိုးသမီး တဦးချင်း ဖိုင်နယ်ကိုတော့ ဒီကနေ့မှာ ကစားခဲ့ကြတာမှာ ရိုမေနီးယားက Simona Halep က အမေရိကန်က နာမည်ကြီး Serena Williams ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
ပထမပွဲမှာတော့ Halep က ဆရီနာကို ၆-၂ နဲ့ နိုင်ပါတယ်။ ဒီပွဲမှာ Serena က Halep ကို ဘယ်ညာမောင်းပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ Halep ရဲ့ တန်ပြန်ရိုက်ချက်တွေနဲ့ ခံစစ်ကစားပုံတွေက ကောင်းခဲ့ပြီး Serena ရဲ့ ရိုက်ချက်တွေက အမှားများခဲ့ပါတယ်။
ဒုတိယပွဲမှာလည်း သူတို့ နှစ် ယောက် အကြိတ်အနယ်ကစားခဲ့ကြပြီး ဆရီနာက အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ပထမပွဲမှာလိုပဲ Halep ၆-၂ နဲ့ နိုင်ပြီး ချန်ပီယံဖြစ်သွားပါတယ်။
ဆရီနာကတော့ သူ့အနေနဲ့ အနိုင်ရဖို့အတွက် အစွမ်းကုန်ကစားခဲ့ကြောင့် ဒါပေမဲ့ Halep က အကောင်းဆုံး ကစားသွားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ချီးကျူးသွားပါတယ်။ Halep ကလည်း ဒီပွဲဟာ သူတင်းနစ်ကစားခဲ့တဲ့ သက်တမ်းတလျှောက်မှာ အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီး ဆုယူစဉ်မှာ ပြောကြားလိုက်ပါတယ်။
Halep ဟာ ဒီပွဲနိုင်လိုက်တဲ့အတွက်တော့ ဒါဟာ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကို ပထမဆုံးအနိုင်ရတာဖြစ်ပြီး သူမအတွက် ဒုတိယမြောက် ဂရန်းစလမ်း ဆုဖလားဖြစ်ပါတယ်။
ဆရီနာဝီလီယံအတွက်တော့ ဒီပွဲကိုရှုံးသွားတဲ့အတွက် Margaret Court တင်ထားတဲ့ ဂရန်းစလမ်းဆုဖလား ၂၄ ခုမြောက် စံချိန်ကိုမီဖို့ အခွင့်အရေး တခု လက်လွတ်လိုက်ရပါတယ်။
ဒီပွဲကိုတော့ ဗြိတိန်တော်ဝင် မင်းသမီး နှစ် ယောက်ဖြစ်တဲ့ Catherine Middleton နဲ့ Meghan Markle တို့ လာကြည့်ခဲ့သလို ဗြိတိန်ဝန်ကြီးချုပ် Teresa May နဲ့ တခြား နာမည်ကြီး ပုဂ္ဂိုလ်တွေ အတော်များများ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။
Your browser doesn’t support HTML5
Wimbledon အမျိုးသမီး တင်းနစ် ရိုမေနီးယားက Simona Halep ဗိုလ်စွဲ