ထိုင်းတောင်ပိုင်း နယ်မြေရှင်းလင်းရေး မြန်မာအလုပ်သမားတွေ သတိထားဖို့လို

၂၀၁၉ ခုနှစ်အတွင်း ထိုင်း-မလေးနယ်စပ်မှာ ထိုင်းစစ်တပ်နဲ့တွေ့ချိန် ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ - ထိုင်းစစ်တပ်)

(Zawgyi / Unicode)

မလေးရှားနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ် ယလားခရိုင်ထဲမှာ နယ်မြေရှင်းလင်းရေး လုပ်နေပြီး တရားမဝင် နေထိုင်တဲ့သူတွေကို စစ်ဆေးတဲ့အခါ ထွက်မပြေးကြဖို့နဲ့ အသာတကြည် အစစ်ဆေးခံကြဖို့ ထိုင်းစစ်တပ်က သတိပေးထားပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့က ခွဲထွက်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မိသားစုဝင်တွေပါ စုစုပေါင်း ၁၅ ယောက် သေဆုံးခဲ့ပြီးနောက် အခုလို နယ်မြေရှင်းလင်းရေး စတင်နေတာ ဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်းက ခွဲထွက်ရေးအင်အားစုတွေဟာ ယလားခရိုင်အတွင်းက စဒေါင်မြို့နယ် လန်ဖယာကျေးရွာကို ဝင်ရောက်ပြီး ပြည်သူ့စစ်တပ်ဖွဲ့နဲ့ မိသားစုဝင် ၁၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ဒီဖြစ်ရပ်အပြီး ထိုင်းစစ်တပ်ရဲ့ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့တွေက နယ်မြေပိတ်ဆို့ ရှင်းလင်းရေး လုပ်ခဲ့ကြပါတယ်။

စဒေါင် - ယလား - ပတ်တနီ စတဲ့ ထိုင်း-မလေးနယ်စပ် ကျေးရွာတွေမှာ အရေးပေါ်အမိန့် ထုတ်ပြန်ထားလို့ တအိမ်တက် တအိမ်ဆင်း ရှာဖွေနေကြတဲ့ စစ်ကြောင်းတွေကို တွေ့ရင် ထွက်မပြေးကြဖို့၊ အသာတကြည် အစစ်ခံကြဖို့ နယ်မြေအာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး ဖွန်ဆပ်ဖုံစဝပ်ကတော့ အခုလို ပြောသွားပါတယ်။

“တောင်ပိုင်းက ခွဲထွက်အင်အားစုတွေဟာ လုံခြုံရေးအားနည်းတဲ့ နေရာတွေကို ဝင်တိုက်တာကြောင့် မဆိုင်တဲ့ ပြည်သူတွေပါ သေဆုံးရတယ်။ အဲဒါကြောင့် ထိုင်းတောင်ပိုင်းက မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ သက်ဆိုင်ရာ ရွာသူကြီးက အဲဒီနယ်မြေမှာရှိတဲ့ နေထိုင်နေသူတွေရဲ့စာရင်း ပေးရပါမယ်။ စစ်တပ်က စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် စစ်ဆေးခံရမယ်။ စစ်တပ်က လုံခြုံရေးကင်းလှည့်တဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် ထွက်မပြေးကြဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တွေမှာ အပြင်မထွက်ကြဖို့ လိုပါတယ်။ တောင်ပိုင်း ခွဲထွက်ရေးအင်အားစုတွေနဲ့ လွဲမှားပြီး ပစ်ခတ်မိမှာစိုးလို့ပါ။”

ထိုင်းတောင်ပိုင်းမှာ သံသယရှိသူ လူ ၁၀ ဦးထက်မနည်းကိုလည်း ထိုင်းစစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်။

ထိုင်းတောင်ပိုင်းမှာ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာတွေလည်း ရှိနေတာပါ။ တချို့ကတော့ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ သူတွေဟာလည်း တရားမဝင် ဖြစ်နေတာလည်း ရှိနေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်ရဲ့ ဟတ်ရိုင်မြို့နယ် တာဝန်ခံ ဦးဘရီက အခုလိုပြောပါတယ်။

“စာရွက်စာတမ်း အထောက်အထား မရှိသူတွေက ဘယ်သူတွေဖြစ်မလဲဆိုတော့ အလုပ်ထွက်စာ ကုန်သွားတဲ့ အလုပ်သမားတွေ၊ ဗီဇာသက်တမ်း ကုန်သွားတဲ့သူတွေတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘာမှ အထောက်အထား မရှိတဲ့အခါ အလုပ်လုပ်လို့ မရတော့ဘူး၊ လုပ်ပိုင်ခွင့်မရှိဘူး။”

ထိုင်း-မလေးနယ်စပ်မှာ ၂၀၁၉ ခုနှစ်အတွင်းမှာ မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာ ၇ ထောင်ကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်း-မလေးနယ်စပ်က ရာဘာတောတွေ၊ သဘာဝသစ်တောတွေအတွင်းမှာ လူပွဲစားတွေက ထားခဲ့တဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိခဲ့ပါတယ်။ အခုလို အရေးပေါ်ကာလမှာတော့ ဘယ်သူပဲဖြစ်ဖြစ် ထိုင်းစစ်တပ်က တွေ့တဲ့အခါမှာ စစ်ဆေးတာကို လက်ခံဖို့နဲ့ ကြောက်လန့်ပြီး ထွက်ပြေးတာတွေ မလုပ်ဖို့အတွက် ထိုင်းစစ်တပ်က သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

-----------------------------------

(Unicode)











Your browser doesn’t support HTML5

ထိုင်းတောင်ပိုင်း နယ်မြေရှင်းလင်းရေး မြန်မာအလုပ်သမားတွေ သတိထားဖို့လို