သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ် မြန်မာ၁၂ ဦး လူမှောင်ခိုတင်လာတဲ့ ကား၂ စီး ထိုင်းရဲဖမ်းဆီး


ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် အတွင်းကနေ မလေးရှားနယ်စပ်ထိ မြန်မာနိုင်ငံသား ၁၂ ဦးကို ထိုင်းအစိုးရပိုင် စာတိုက်နှင့်ပါဆယ် ပို့နေတဲ့ ကားနဲ့ လူမှောင်ခိုတင်လာသူတွေကို မေလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာ ခရိုင် ရသဖုန်းမြို့နယ် အာရှအဝေးပြေးလမ်းမမှာ ထိုင်းဌာနဆိုင်ရာ စာတိုက်နဲ့ ပါဆယ် ပို့ဆောင်ရေး လုပ်ငန်းသုံးကားနဲ့ ခိုးဝင် မြန်မာနိုင်ငံသားတွေကို လူမှောင်ခို တင်လာတာ ဖြစ်ပါတယ်။ အစိုးရဌာန ကားတွေနဲ့ လူမှောင်ခိုကူးနေတာကို ကြိုတင်သတင်းရတာကြောင့် ထိုင်း မြန်မာနယ်စပ် ကန်ချနဘူရီ ကနေ ခုလို ဌာနဆိုင်ရာကားသုံးပြီး တင်လာတာကို စောင့်ကြည့်နေခဲ့ပြီး ဆုန်ခလာခရိုင် အရောက်မှာ ပိတ်ဆို့ ဖမ်းဆီးလိုက်တာပါ။

ကားမောင်းသူ ထိုင်းနိုင်ငံသားနဲ့ ကျန်ဝန်ထမ်း တစ်ဦးကိုတော့ လူကုန်ကူးမှုဆိုင်ရာ ဥပဒေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဟိန္ဒူဘာသာဝင်တွေဟာ မလေးရှားမှာ အလုပ်သွားရောက် လုပ်ကိုင်ဖို့စာတိုက်ဝန်ထမ်း ကားမောင်းသူကို ကန်ချနဘူရီကနေ ထိုင်း - မလေးရှား နယ်စပ်အထိ တစ်ဦးကို ဘတ်ငွေ ၁၅၀၀ ပေးရခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ အခုလိုပြောပါတယ်။

“ အခုဆိုရင် ၂၀၁၉ခုနှစ် အတွင်းမှာ လူမှောင်ခိုမူပေါင်း ၁၇မှု ၊ လူပေါင်း ၄၀၀နဲ့ ၅၀၀ကြားမှာ ရှိနေတယ်။ လူတွေက အဲဒီကနေပဲ ဝင်လာကြတယ်။ အများစုပေါ့နော်။”

အခုဆိုရင် ၂၀၁၉ခုနှစ် နှစ်စက စလို့မလေးရှားကို သွားလို့ရတဲ့ လမ်းကြောင်းအတိုင်း လူမှောင်ခို သမားတွေက ပို့ဆောင်တာတွေ များလာသလို မြန်မာနိုင်ငံသားတွေ ကလည်း မလေးရှားကို သွားကြသူတွေ များလာတယ် လို့လည်း သူကဆိုပါတယ်။

“ MOU စနစ်မှာ အဆင်ပြေမှုနဲ့ လွယ်ကူရင်တော့ အဲဒီလို လုပ်မှာပေါ့။ လူတွေက မလေးရှားမှာ ပိုပြီး အဆင်ပြေမယ်လို့ ထင်ကြတယ်။ မလေးရှားကို အထင်ကြီးတယ် ပေါ့နော်။ ဒီတော့ မလေးရှားကို အများစုက သွားနေကြတယ် ပေါ့နော်။”

ပြီးခဲ့တဲ့နှစ်ကတော့ ထိုင်း မလေး နယ်စပ်ကို ထိုင်းတောင်ပိုင်းကနေ လူမှောင်ခိုသမားတွေက ပို့ဆောင်ပေးရင်း ဖမ်းဆီးခံရသူ ၁၀၀၀ ခန့်ရှိပြီး တခြားနေရာတွေ ကနေလည်း လူမှောင်ခို သမားတွေကို ဖမ်းဆီးနေတာပါ။

၂၀၁၈ ခုနှစ်အတွက်ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမူနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို စောင့်ကြည့်အဆင့် Tier 2 ကနေ အဆိုးရွားဆုံး အဆင့် Tier 3 ကို လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ် လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝ ပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်း မရှိသလို အဲဒီလို ပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကိုတော့ Tier 2 စောင့်ကြည့် အဆင့်ထဲမှာ ထည့်သွင်း သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG