ထိုင်းနိုင်ငံ၊ CHUNPHOM ချုံဖွန်းခရိုင်၊ ယန်ငန်ကျေးရွာအုန်းတောထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မူလတန်းအရွယ် ကလေးငယ် (၅၀) နီးပါးကို စာသင်ပေးနေတဲ့စာသင်ဝိုင်းတခုကို အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းပညာရေး လ၀ကရဲအပါအဝင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပြီး ဆရာမတယောက်ကို ဖမ်းဆီးသွားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ ချုံဖွန်းခရိုင်၊ ယန်ငန်ကျေးရွာ အုန်းတောထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မူလတန်းအရွယ် ကလေးငယ် (၅၀) နီးပါးကို စာသင်ပေးနေတဲ့စာသင်ဝိုင်းတခုကို အောက်တိုဘာလ ၃ ရက်နေ့က ထိုင်းပညာရေးလ၀ကရဲအပါအဝင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့တဲ့အကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က VOAကို အခုလိုပြောပါတယ်။
“သုံးရက်နေ့က အဖွဲ့စုံပေါ့။ ကျနော်တို့ကျောင်းတွေလိုပဲ၊ တခြားကျောင်းတွေကိုလည်း လာ စစ်ဆေးတဲ့ပုံပဲပေါ့။အလုပ်သမားတို့၊ အလုပ်အကိုင်ရှာဖွေရေးတို့၊ လ၀ကတို့၊ ရဲတို့၊ ပညာရေးဌာနတို့ က လာစစ်ဆေးတာပါ။ စစ်တဲ့အခါမှာ ဆရာမနှစ်ယောက်လောက် သင်တာရှိတယ်။ စစ်ချိန်မှာတော့ ဆရာမတယောက်ပဲ သင်နေတာဖြစ်တယ်၊ ဆရာမမှာလည်း လက်မှတ်လေးဘာလေး ရှိတယ်။ အလုပ်ကတော့ မတူဘူးပေါ့။ အခုတော့ ဆရာမကို ရဲစခန်းထဲမှာဖမ်းချုပ်ထားတယ်။ သူ့ကိုတော့ တရာစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့လည်း ကျနော်တို့ကြားတယ်။”
သင်ကြားပေးတဲ့ဆရာမကို အလုပ်လုပ်ခွင့်လက်မှတ်နဲ့ လုပ်နေတဲ့အလုပ်မတူတာကြောင့် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ ကလေးတွေကိုတော့ မိဘတွေထံပြန်အပ်ပေးသွားတယ်လို့လည်း ဆိုပါတယ်။
“သူငယ်တန်းကနေ ၄ တန်းအထိပဲရှိတယ်။ ကလေးက ၄၀ ကနေ ၅၀ ဝန်းကျင်လောက်ရှိတယ်။ အသက်ကတော့ ၅ နှစ်၊၆ နှစ်ကနေ ၁၁ နှစ် ၁၂ နှစ်ထိရှိတယ်။ ကလေးတွေကိုတော့ မခေါ်သွားဘူး။ မိဘတွေကိုခေါ်ပြီး ကလေးတွေကို လာပြန်ခေါ်ခိုင်းတယ်။ ခြံလေးတွေ အုန်းတော အုန်းခြံ လေးထဲမှာ ရွာနီးချုပ်စပ်က ဒေသခံအာဏာပိုင်တွေကိုလည်း ပြောထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး ဖွင့်ထားတာ။ ကျနော်တို့လည်း အဲဒီနေရာတွေကိုရောက်ခဲ့ဖူးပါတယ်။”
စက်တင်ဘာလ ၄ ရက်နေ့ကတော့ ဆူရတ်ဌာနီခရိုင်မှာဖွင့်ထားတဲ့ ကျောင်းသားဦးရေ ၁,၀၀၀ ကျော် ရှိတဲ့ မေတ္တာရိပ်စာသင်ကျောင်းကို ပိတ်သိမ်းခဲ့ပြီး ဆရာဆရာမတွေကိုလည်း အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ဒီကျောင်းကိုတော့ ပုဂ္ဂလိကကျောင်းများအက်ဥပဒေနဲ့ငြိစွန်းကြောင်း အကြိမ်ကြိမ်သတိပေးထား ပေမယ့် ကျောင်းကိုဆက်လက်ဖွင့်တဲ့အတွက် ပိတ်ပင်လိုက်တာဖြစ်ကြောင်း စူရတ်ဌာနခရိုင် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ အလားတူဆူရတ်ဌာနီခရိုင်ထဲက ကျောင်းပေါင်း ၅ ကျောင်းထက်မနည်းကိုလည်း တရားမဝင်ဖွင့်ခဲ့တယ်ဆိုပြီး ပိတ်သိမ်းခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5