ထိုင်းမှာ ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ မှတ်ပုံတင်

မေလ ၁၄ ရက် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီခေါင်းတွေ အပါအဝင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေ စတင်မှတ်ပုံတင် (ဧပြီ ၃၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ရှေ့လ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီခေါင်းတွေ အပါအဝင် မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်လောင်းတွေဟာ ဒီကနေ့ ဧပြီလ (၃)ရက်နေ့မှာ စတင် မှတ်ပုံတင်နေကြပါပြီ။

United Thai Nation ပါတီ ခေါင်းဆောင် လက်ရှိ ထိုင်း ဝန်ကြီးချုပ် Prayut Chan-O-Cha က ထိုင်းနိုင်ငံဟာ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင် လိုအပ်တယ်လို့ ပြောဆို စည်းရုံးနေပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံတွေ အင်အားကောင်းလာပြီး လူထုထောက်ခံမှု ပိုရလာတဲ့အတွက် ၂၀၁၄ ခုနှစ် အာဏာသိမ်းရယူခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် လက်ရှိဝန်ကြီးချုပ် Prayut အတွက် လာမယ့် ရွေးကောက်ပွဲမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မယ်ဆိုပြီး လေ့လာသူတွေ ပြောဆိုနေပါတယ်။

အဓိကအတိုက်အခံခေါင်းဆောင်ဟာ ထိုင်းနိုင်ငံရေးမှာ ဩဇာရှိနေသေးတဲ့ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ဘီလျံနာ သူဌေးကြီး Thaksin Shinawatra ရဲ့ သမီး အတိုက်အခံခေါင်းဆောင် Paetongtarn Shinawatra ပါ။ သူဟာ Pheu Thai ပါတီ ရဲ့ မူဝါဒတွေကို လူထုက ယုံကြည်သက်ဝင် ထောက်ခံမှုက ပါတီရဲ့ ခိုင်မာမှု အားကောင်းမှုဖြစ်ပြီး လူတစ်ဦးတယောက် ကိုယ်စားလှယ်တစ်ဦးတယောက်အပေါ်မှာ မူတည်နေတာ မဟုတ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။

Palang Pracharat ပါတီခေါင်းဆောင် Pita Limjaroenrat ကလည်း ထိုင်းပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ အရင် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ကနဲ့ မတူတော့တဲ့အတွက် သူတို့ပါတီအနေနဲ့ ဖြေရှင်းဖို့ မူဝါဒတွေ ချမှတ်သွားမယ်လို့ ပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲကို မေလ ၁၄ ရက်နေ့မှာ ကျင်းပမယ့်အကြောင်း ထိုင်းအစိုးရက ကြေညာထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းမှာ ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲ မှတ်ပုံတင်

{Unicode}




