သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်က မြန်မာတွေနေတဲ့အိမ်ကို ထိုင်းစစ်တပ် ဝင်ရှာပေမယ့် ဖမ်းဆီးထိန်းသိမ်းခြင်းမရှိ


မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေနေထိုင်တဲ့အိမ်ကို ထိုင်းစစ်တပ်က ဝင်ရောက် စစ်ဆေးနေစဉ်။
မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေနေထိုင်တဲ့အိမ်ကို ထိုင်းစစ်တပ်က ဝင်ရောက် စစ်ဆေးနေစဉ်။

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ပကျေးရွာအနီးတဝိုက်က လေးထပ်တိုက်နေရာကို ထိုင်းစစ်တပ်နဲ့ အဖွဲ့စုံက မတ်လ၂၂ရက်နေ့က ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာမှာ တိုက်ပေါ်မှာနေထိုင်နေတဲ့ လူတွေထဲက ၁၀၀ကျော် စစ်ဆေးခံရပေမယ့် ဖမ်းဆီး ထိန်းသိမ်းတာတော့ မရှိဘူးလို့ ဆိုပါတယ်။ လာရောက်စစ်ဆေးချိန်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ရှိမရှိ စစ်ဆေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားတွေနေထိုင်တဲ့ မဲဆောက်မြို့က ၄ ထပ်တိုက်တခုကို ထိုင်းစစ်တပ်နဲ့ တခြား တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့က မနေ့ မတ်လ ၂၂ ရက်နေ့က ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့တယ်ဆိုတဲ့သတင်းဟာ လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ ထိုင်း တာဝန်ရှိသူတွေက မြန်မာနိုင်ငံသားတွေကို ဘယ်လို စစ်ဆေးခဲ့သလဲ ဆိုတာကိုတော့ စစ်ဘေးရှောင်တွေကို အကူညီပေးခဲ့တဲ့ မေမေ့ရင်ခွင်အဖွဲ့က ဦးသန်းမြင့်အောင်က အခုလို ပြောပြပါတယ်။

“အောက်ကိုအကုန်လုံးဆင်းဆိုပြီး အောက်မှာထိုင်ခိုင်းထားတာပေါ့။ သူတို့က ဘာမေးလဲဆိုတော့ နှစ်ခုပေါ့နော်၊ တခုကတော့ ဓါတ်ပုံတွေထဲက လူတွေကိုသိလား၊ ဒီနံမည်တွေကို သိလားလို့မေးတယ်။ တချို့ကတော့သိတယ်၊ အကုန်လုံးကတော့ မသိဘူးလို့ပဲ ဖြေလိုက်တယ်။ နောက်တခုကတော့ ဒီမှာ စီဒီအမ် (CDM) တွေရှိလား၊ တက်ကြွလှုပ်ရှားသူတွေရှိလား ဆိုပြီးမေးတယ်။ အကုန်လုံးကလည်း စီဒီအမ်တွေလည်း မရှိဘူး၊ တက်ကြွလှုပ်ရှားသူတွေလည်း မရှိဘူးပေါ့ ဖြေတယ်။ ကျနော်တို့အားလုံးက စစ်ဘေးရှောင်တွေပါလို့ပဲ ဖြေကြတယ်။ ဒါပေမယ့် အခန်းတခန်းမှာတော့ ပျောက်ကြားအင်္ကျီတွေတွေ့တယ်၊ တွေ့တဲ့အခါမှာတော့ နောက်ထပ် ထပ်စစ်တော့ စကားပြန်ကတော့ ကျနော်တို့က ဒီမနက်မှ ရောက်တယ်၊ အဲဒါက အရင်နေသွားတဲ့သူတွေ ရဲ့ပစ္စည်းတွေပါလို့ ဖြေတယ်။ ကလေး ၂ယောက်ကိုတော့ ဖမ်းသွားတယ်။ ပြီးတော့ ညဘက်မှာပြန်လွှတ်ပေးလိုက်တယ်။”

အဲဒီတိုက်က အခန်းတခုမှာတော့ စစ်အင်္ကျီ အဝတ်အစားတွေနဲ့ ဒရုန်းတွေ၊ ကွန်ပြူတာတွေ တွေ့ရှိတာကြောင့် သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ တွေ့ရှိတဲ့အခန်းကလူငယ်နှစ်ဦးကိုလည်းမနေ့က ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“ဒရုန်းတွေနဲ့မိတဲ့ ကလေးနှစ်ယောက်ကိုတော့ သူတို့ပစ္စည်းမဟုတ်ဘူးဆိုတော့ စခန်းထိခေါ်သွားပြီးမှ ပြန်လွှတ်ပေးလိုက်တာပေါ့နော်။ ကလေးတွေကတော့ ရွှေ့သွားပြီ။ အဓိကတော့ သူတို့က ဓါတ်ပုံနဲ့ နံမည်စာရင်းနဲ့ လိုက်ရှာတာပါပဲ။ တချို့ကျတော့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းကုန်ကြတယ်။ တချို့ကျတော့လည်း မပြောင်းနိုင်လို့ (ဆက်)နေနေကြရတယ်။”

ထိုင်းစစ်တပ်က ဝင်ရောက်ရှာဖွေတဲ့ တိုက်ခန်းမှာရှိနေကြတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာမျိုး တဦးမှမရှိဘူးလို့ ဖြစ်စဉ်ကို သိရှိလိုက်သူတချို့က ပြောပါတယ်။ ဒရုန်းပစ္စည်းတွေနဲ့အတူ ရှိနေတဲ့အတွက် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတဲ့ လူငယ် ၂ ယောက်ကို ညပိုင်းမှာ ပြန်လွတ်ပေးလိုက်တယ်ဆိုပေမယ့် သူတို့တွေ တကယ် ပြန်လွတ်လာခြင်း ရှိမရှိဆိုတာကိုတော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။

ထိုင်းစစ်တပ်က ဝင်ရောက်ရှာဖွေတာကတော့ နံမည်နဲ့ပုံနဲ့တကွ ဝင်ရောက် ရှာဖွေတာဖြစ်ပေမယ့် သူတို့ရှာဖွေနေတဲ့သူတွေကို မတွေ့ခဲ့ရကြောင်း၊ ဒါပေမယ့် အဲဒီ တိုက်ခန်းတွေမှာ နေထိုင်နေသူတွေက စိုးရိမ်ထိပ်လန့်နေပြီး အခုအခါမှာ တချို့က တခြားနေရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီဘက်က တက်ကြွလှုပ်ရှားသူတွေ နေထိုင်နေတယ်ဆိုပြီး ဖိအားပေးတာကြောင့် အခုလို ဝင်ရောက် ဖမ်းဆီး ရှာဖွေတာ ဖြစ်နိုင်တယ်လို့လည်း စစ်ဆေးခံရသူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူတွေ ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့ကို အလုံးအရင်းနဲ့ တိမ်းရှောင်လာခဲ့ကြတာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထံ စာနဲ့လျှောက်ပြီး ခိုလှုံခွင့် တောင်းခံထားကြသူတွေလည်း သောင်းနဲ့ချီ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[[Unicode]]











ဆက်စပ်သတင်းများ ...

XS
SM
MD
LG