သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကူးခွင့် ရက်ကျော်နေထိုင်သူ မြန်မာတွေကို ထိုင်းသတိပေး


မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)
မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)

{{Zawgyi/Unicode}}

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၃ နှစ်ကြာပိတ်ထားခဲ့ရတဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား (၁) နဲ့ မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား (၁) တို့ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ယာယီ နယ်စပ်ဖြတ်ကျော် လက်မှတ်ကိုင်ဆောင်ပြီး ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ ပြန်လည်ထွက်ခွါမသွားကြဘဲ ထိုင်းနိုင်ငံထဲမှာပဲ တရားမဝင်နေထိုင်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား (၁) ကနေ နှစ်နိုင်ငံပြည်သူတွေ သွားလာလည်ပတ်နိုင်အောင် ၆ ညအိပ် ၇ ရက် နယ်စပ်ဖြတ်ကျော်လက်မှတ်တွေထုတ်ပေးထားထားတာ တလကျော်ကြာပြီဖြစ်သလို မဲဆိုင်-တာချီလိတ် တံတား (၁) ကနေ နယ်စပ်ဖြတ်ကျော်ခွင့်ပေးတာလည်း ရက်ပိုင်းသာရှိပါသေးတယ်။ အခုအခါမှာတော့ ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ မြန်မာပြည်မပြန်တော့ဘဲ ထိုင်းအတွင်းပိုင်းကို သွားရောက်အလုပ်လုပ်ဖို့ လုပ်ဆောင်နေတဲ့အတွက် ထိုင်းလဝကတွေက အသိပေးကြေညာချက်တွေထုတ်ပြန်နေရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဇန်နဝါရီလ ၁၂ ရက်နေ့က မဲဆောက်-မြဝတီတံတားလို့အလွယ်ခေါ်တဲ့ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားဖွင့်လှစ်လိုက်တယ်။ အလားတူပဲ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က မဲဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်လိုက်တယ်။ အဲဒီတံတား၂ စင်းလုံးမှာ ၆ ရက်ညအိပ် ၇ ရက်လက်မှတ်ကိုကိုင်ဆောင်ပြီး ထိုင်းနယ်နမိတ်ထဲကို ရောက်လာကြတဲ့မြန်မာအတော်များများက ထိုင်းနယ်မြေထဲရောက်ပြီးတော့ ၇ ရက်ပြည့်ပေမယ့်လည်း ထိုင်းနိုင်ငံထဲမှာဆက်လက်သောင်တင်ပြီး ဆက်လက်နေထိုင်နေကြတယ်။ ဒီအတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်လဝကက အသိပေးကြေညာတာကတော့ ဖြေလျော့ခွင့်ရပြီးနောက် နယ်စပ်ဖြတ်ကျော်ပြီးလာကြတဲ့သူတွေအနေနဲ့ နယ်စပ်ဂိတ်ပြန်ဖွင့်တဲ့ ဖေဖေါ်ဝါရီ ၂၀ ရက်ကနေ ၇ ရက်အတွင်းမှာ ပြန်လည်ထွက်ခါွကြဖို့ဆိုပြီး အသိပေးကြေညာရတဲ့အထိဖြစ်သွားတယ်။”

တချို့ကတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ချစ်ကြည်ရေးတံတားကနေ လာကြပေမယ့် ထိုင်းနိုင်ငံထဲကိုရောက်တဲ့အခါ လက်မှတ်တွေကိုဖျောက်ဖျက်လိုက်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို လူကုန်ကူးတဲ့ပွဲစားတွေနဲ့တရားမဝင် သွားကြသူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ဘန်ကောက်အပါအဝင် တချို့နေရာတွေထိရောက်သွားတယ်။ မဲဆိုင်ကိုရောက်တဲ့သူတွေကလည်း ချင်းရိုင်၊ ချင်းမိုင်ထိတက်ပြီး အလုပ်အကိုင်အခွင့်အလန်းကောင်းတွေ ရဖို့အတွက်ကြိုးစားကြတာတွေ့ရတယ်။”

ချစ်ကြည်ရေးတံတားတွေမဖွင့်ခင်တုန်းကတည်း မြန်မာပြည်ကအလုပ်အကိုင်ရှာဖွေလိုသူတွေဟာ နေ့စဉ်ဆိုသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာနေကြပြီး နေ့စဉ်မြန်မာတွေ ရာဂဏန်းလောက်ဖမ်းဆီးခံခဲ့ရပါတယ်။

အခု နယ်စပ်တံတားတွေပြန်ဖွင့်ချိန်မှတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းစာရွက်စာတမ်းတွေကို ပြပြီးမှ ခရီးသွားလာလို့ရတာကြောင့် မြန်မာဘက်ကလာသူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားလက်မှတ်တွေကို အမြန်လုပ်ပြီး လာနေကြနေကြတယ်လို့ဆိုပါတယ်။ ထိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း စာရွက်စာတမ်းတွေဟာတစောင်ကို မြန်မာကျပ်ငွေ ၅ သောင်းလောက်ထိ ပေါက်ဈေးဖြစ်နေတယ်လို့ ထိုင်းဘက်ကိုလာရောက်လည်ပတ်သူတွေကဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}









XS
SM
MD
LG