သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ဆိုက်ရောက်ဗီဇာ (၁၄) ရက် သတ်မှတ်


{{Zawgyi/Unicode}}

ထိုင်းနိုင်ငံကိုဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်လို့ရတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများက ခရီးသွားတွေကို အရင် (၄၅) ရက် နေထိုင်ခွင့် ပေးတာကနေ အခု ဧပြီလ (၁) ရက်နေ့က စပြီး (၁၄) ရက်ပဲ ပေးတော့တဲ့အတွက် (၁၄) ရက်ထက်ပိုပြီးနေထိုင်ဖို့ စီစဉ်ထားသူတွေအတွက် အခက်အခဲ ဖြစ်ကြရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မညိုညိုလွင်က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံကို ဧပြီလထဲမှာ နိုင်ငံတကာကဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ်တတ်ကြပါတယ်။ အဓိကအကြောင်းတွေထဲမှာ ဆွမ်ခရမ် လို့ခေါ်တဲ့ ထိုင်းသင်္ကြန်ပွဲကိုလည်ပတ်ဖို့လာကြသူတွေက အများစုရှိတာပါ။ ဒါပေမဲ့လည်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အတွင်း လေကြောင်းကနေ ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ ရက် ၃၀ ကနေ ၄၅ ရက်အထိ ပေးခဲ့တဲ့ကြေညာချက်ကို ထိုင်းလွှတ်တော်က ထပ်ပြီး သက်တမ်းတိုးမပေးတော့တာကြောင့် ဧပြီလ ၁ ရက်နေ့ကစပြီး မြန်မာအပါအဝင် နိုင်ငံတချို့က ဝင်ရောက်လာသူတွေဟာ ဆိုက်ရောက်ဗီဇာ ၁၄ ရက်ပဲ ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် လည်ပတ်ရုံသက်သက် ထိုင်းနိုင်ငံကိုလာကြတဲ့ မြန်မာပြည်သားတွေအတွက် အခက်အခဲသိပ်မရှိလှပေမဲ့ ဆေးရုံပြပြီး ရက်ရှည်နေထိုင်ဖို့လိုအပ်သူတွေ၊ တခြားအကြောင်းကြောင်းတွေကြောင့် ၁၄ ရက်ထက်ပိုပြီး နေထိုင်လိုသူတွေအတွက်တော့ ဗီဇာပြန်လျှောက်ရတာ၊ လေယာဉ်လက်မှတ်ရွှေ့ရတာ စတဲ့အခက်အခဲတွေ ကြုံကြရပါတယ်။

ရွှေအိုးလေးကုမ္ပဏီပိုင်ရှင် ကိုအေးမင်းက အခုလို ပြောပါတယ်။

“လည်တဲ့သူတွေအတွက်တော့ အခက်မခဲမရှိဘူးဗျ။ ၁၄ ရက်ဆိုရင် သူတို့အတွက်က ပိုတောင်ပိုနေပြီ။ အလည်သက်သက်မဟုတ်ဘဲ တခါတလေကျရင် တချို့က စီးပွါးရေးလည်းပါတယ်၊ တချို့ကျတော့လည်း ဈေးတွေဘာတွေဝယ်ပြီးတော့ ပြန်ရောင်းကြတာတွေရှိတယ်။ ကုန်သည်တွေအနေနဲ့ကျတော့ သူတို့က ၁၄ ရက်မလောက်ဘူးပေါ့။ ဆေးလာကုတဲ့လူတွေကျတော့လည်း အခက်အခဲတွေရှိတယ်။ တချို့ကျလို့ရှိရင် ကင်ဆာလာကုတာတို့ဘာတို့၊ ရောဂါအနာတာရှည်ဖြစ်တဲ့အခါကျတော့ သူက တချို့ဆို နှစ်လ သုံးလအထိ နေရတာရှိတယ်ခင်ဗျ။ အဲဒီအချိန် ကျရင်တော့ အခက်အခဲတွေရှိတာပေါ့နော်။ တခါတလေကျရင် ဗီဇာမကျတာတို့ ကြာတဲ့အခါကျရင် သူတို့ရောဂါက နည်းနည်းပိုဆိုးသွားတာပေါ့နော်။ အဲဒါတွေကတော့ အခက်အခဲတွေရှိတယ်။”

အခုလို ဗီဇာရတဲ့ရက်နည်းသွားပေမဲ့ ထိုင်းသင်္ကြန်ဆင်နွဲဖို့နဲ့ အလုပ်ပိတ်ရက်အနားယူဖို့တွေအတွက် မြန်မာနိုင်ငံထဲကနေ ထိုင်းကိုလာကြမယ့်သူတွေကတော့ အများကြီးရှိတာမို့ မြန်မာနိုင်ငံသားတွေအကျိုးဆောင်လုပ်ကိုင်နေကြတဲ့ အခန်းငှားတာတွေ၊ အလည်အပတ်အတွက် ကားငှားတာတွေကတော့ ဧပြီလတလုံးအတွက် ကြိုတင်ငှားရမ်းထားတဲ့ရက်တွေအပြည့်ဖြစ်နေပြီလို့ ဆိုပါတယ်။

“အခုဆိုရင်ကတော့ မြန်မာပြည်ကနေ ထိုင်းဘက်ကိုလာကြတာများတယ်ခင်ဗျ။ လူငယ်တွေဆိုလည်း ပျော်ချင်ကြတာပေါ့နော်။ သူများနိုင်ငံမှာ ပျော်ချင်ကြတယ်။ အခုဆိုရင် ကျနော်တို့ အခန်းတွေ၊ကားတွေဆိုလည်း မလောက်တော့ဘူးခင်ဗျ။ booking ကနေ့တိုင်းဝင်တယ်။ အခန်းကလည်း ကျနော်တို့ တအားကြီးထပ်ချဲ့လို့မရဘူး။ သင်္ကြန်လွန်သွားပြီးရင် တအားပိုနေမှာစိုးလို့ အခုဆို အခန်းလေးငါးဆယ်လောက် အဲလောက်လေးပဲ ထားရတယ်။ ပြောရလို့ရှိရင်တော့ ကျနော်တို့က လောက်သလောက်ပဲလက်ခံတာပေါ့နော်။ မလောက်တဲ့သူကျလည်း မလောက်ဘူး-အဲလိုမျိုးပဲ ကျနော်တို့က ပြန်ပြောထားတာပေါ့နော်။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံက လာရောက်လည်ပတ်သူတွေအနေနဲ့ အရင်ကလောက်တော့ မသုံးနိုင်၊ မဖြုန်းနိုင်ကြတော့ဘူးလို့ ပြောပါတယ်။

“အခုကျတော့ဗျာ၊ နိုင်ငံက စီးပွါးရေးနည်းနည်းကျလာတော့ လူတိုင်းက ကိုယ့်ရဲ့အသိုင်းအဝိုင်းကျလာပြီဆို...နည်းနည်းဆုတ်ယုတ်လာတာပေါ့။ တယောက်နဲ့တယောက် လည်ပတ်မှုက နည်းနည်း ကျဉ်းလာတော့ အသုံးအဖြုန်းကျတော့ နည်းနည်းလျော့နည်းလာတယ်ခင်ဗျ။ အရင်ကဆို ကျနော်တို့က ဘတ်(ထိုင်းငွေ) ကို ၅၀ လောက်ပဲမြှောက်ရတာခင်ဗျ။ ထိုင်းဘတ်နဲ့။ အခုဆိုရင် ဈေးဝယ်ရင် ဧည့်သည်တွေကအစ ၈၈-၉၀ လောက်နဲ့မြှောက်ရတဲ့အခါကျ သူတို့စိတ်ထဲမှာ နည်းနည်းတွန့်လာတယ်။ ထမင်းတပွဲစားဖို့အပေါ် ပြန်တွက်နေရတာ ဘတ် ၂၀၀ ဆို သူတို့ အတွက် ၂ သောင်းလောက်ဖြစ်သွားပြီဆို သူတို့က နည်းနည်းတွန့်သွားတယ်။ အရင်ကဆို ဘတ် ၂၀၀ မှ ၁ သောင်းလောက်ဆို သုံးနိုင်တယ်ပေါ့။ အဲဒါတွေတော့ ရှိတယ်ခင်ဗျ။”

အခုလို မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့ကို ထိုင်းနိုင်ငံ ဆိုက်ရောက်ဗီဇာ ၁၄ ရက်ပဲ ပြန်ပေးတဲ့အကြောင်းကို ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေညာထားပေမဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသာကြေညာထားတာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}











XS
SM
MD
LG