စစ်ကောင်စီလက်နက်ဝယ်ယူရေး ထိုင်းဘဏ်များပတ်သက်မှုစွဲချက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ငြင်းဆန် 

စစ်အစိုးရကလက်နက်ဝယ်ရာမှာ ထိုင်းဘဏ်တွေကိုသုံးခဲ့ကြောင်းစွပ်စွဲချက်ကို ငြင်းဆိုလိုက်တဲ့ ထိုင်းနိုင်ခြားရေးဝန်ကြီး Maris Sangiampongsa

မြန်မာစစ်ကောင်စီဘက်ကလက်နက်ဝယ်ယူတဲ့ကိစ္စတွေမှာ ထိုင်းဘဏ်တွေကနေတဆင့် ငွေလွှဲဝန်ဆောင်မှုတွေကို အသုံးချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrewsရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa က ထိုင်းအစိုးရအနေနဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေကို ထောက်ခံတဲ့မူဝါဒမရှိဘူးလို့ ထိုင်းပါလီမန်မှာပြောလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီက လက်နက်တွေဝယ်ယူရာမှာ ထိုင်းဘဏ်တွေကနေတဆင့် ငွေကြေးလွှဲပြောင်းပေးခဲ့တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်ရဲ့ အစီရင်ခံစာမှာဖော်ပြခဲ့ပြီးတဲ့နောက်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရတဲ့ ထိုင်းဘဏ်အသီးသီးက ကိုယ်စားလှယ်တွေကိုဖိတ်ခေါ်ပြီး ကြားနာစုံစမ်းမှုတခုကို ထိုင်းအစိုးရက လုပ်ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက် ဇူလိုင်လ ၁၈ ရက်နေ့မှာပဲ ပါလီမန်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်းကြီး Mr. Maris Sangiampongsa (ရစ် ဆန်ဂီယမ်ပွန်ဆာ) က အခုလို ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ။

"မြန်မာအစိုးရရဲ့ လက်နက်ဝယ်ယူမှုတွေမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ သက်သေအခိုင်အမာမရှိပါဘူး။ ထိုင်းအစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ခံတဲ့ မူဝါဒမရှိပါဘူး။"

ဒါ့အပြင် သူက 'ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုချိုးဖောက်ပြီး ထိုင်းဘဏ်လုပ်ငန်းတွေက ဒီလိုပါဝင်ပတ်သက်မှြတွေလုပ်မှာမဟုတ်တဲ့အကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတခုနဲ့တခုကြားကဆက်ဆံရေးကို တန်းတူရည်တူလေးစားပါတယ်' လို့လည်း ပြောခဲ့ပါတယ်။ အခုလို စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အချက်အလက် သတင်းအတိအကျနဲ့ ပေးပို့လာမယ်ဆိုရင် ထိုင်းအစိုးရက သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ညွှန်ကြားပြီး စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အခုချိန်မှာ ထိုင်းဘဏ်တွေဘက်ကလည်း တရားဝင်ငြင်းဆိုထားပြီးဖြစ်ပါတယ်' လို့ထိုင်းဘာသာနဲ့ပြောဆိုသွားပါတယ်။

ထိုင်းအတိုက်အခံ Move Forward ပါတီရဲ့ လွှတ်တော်အမတ်တဦးဖြစ်သူ မစ္စတာရန်ဆီမန်ရုမ်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့အစီရင်ခံချက်မှာပါရှိတဲ့ ထိုင်းဘဏ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှုကိစ္စတွေအကြောင်း ဝန်ကြီးချုပ် Srettha Thavisin မေးမြန်းခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းကုမ္ပဏီတွေကနေ မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ်တွေနဲ့ လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ၊ အရပ်ဘက်-စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်တဲ့ အသုံးအဆောင်တွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူရေး စတဲ့လုပ်ငန်းတွေအပါအဝင် ဒီလိုဝယ်ယူခဲ့တဲ့အပေါ်မှာ ထိုင်းဘဏ်တွေက အရောင်းအဝယ်အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ရဲ့ အစီရင်ခံစာမှာ ရေးသားထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီလက်နက်ဝယ်ယူရေး ထိုင်းဘဏ်များပတ်သက်မှုစွဲချက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်