သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ဝယ်ရာမှာ ထိုင်းဘဏ်တွေ အသုံးပြုနေတယ်ဆိုတဲ့ကိစ္စ ထိုင်းအစိုးရ စုံစမ်း စစ်ဆေးမည်

ဖိလစ်ပိုင်နိုင်ငံ Makati မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်းနိုင်ခြားရေးဝန်ကြီး Maris Sangiampongsa ကို တွေ့ရစဉ် (ဇူလိုင် ၄၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ Makati မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထိုင်းနိုင်ခြားရေးဝန်ကြီး Maris Sangiampongsa ကို တွေ့ရစဉ် (ဇူလိုင် ၄၊ ၂၀၂၄)

မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းတာတွေ လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရှေ့သီတင်းပတ် ထိုင်း စီးပွားရေး ဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိ အဖွဲ့အစည်းတွေ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

လာမယ့် ဂျုလိုင်လ ၂၄ ရက် ထိုင်းဘဏ်တွေနဲ့ တွေ့ဆုံပြီး စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ဒီနေ့ ပါလီမန်မှာ ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားတာပါ။

ထိုင်းနိုင်ငံက ဘဏ်တွေဟာ မြန်မာစစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေအဖြစ် ပြောင်းလဲ နေရာယူလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ စစ်လက်နက်နဲ့ စစ်ပစ္စည်း တန်ဖိုးဟာ အရင်နှစ်ကထက် နှစ်ပိုများခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိတဲ့အကြောင်းလည်း အစီရင်ခံစာက ဖေါ်ပြပါတယ်။

ထိုင်းဘဏ်လုပ်ငန်းရှင်တွေက သူတို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတဲ့အကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ငွေကြေးလွှဲပြောင်းမှု အားလုံးမှာ လက်နက်ဝယ်မဝယ် စစ်ဆေးဖို့ အကန့်အသတ်ရှိတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီကို ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးမပြုအောင် အရေးယူဆောင်ရွက်သွားမယ့်အကြောင်း ထိုင်းအမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ဇူလိုင် ၁၁ ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံတဲ့အချိန် ကတိပေးပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG