သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီအတွက် လက်နက်ဝယ်ဖို့ ထိုင်းဘဏ်တွေ အသုံးမပြုရေး လုပ်ဆောင်သွားမည်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ့နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်းတွေ့ရတဲ့ ကုလအထူးကိုယ်စားလှယ် Tom Andrews (ဇူလိုင် ၁၁၊ ၂၀၂၄)

မြန်မာစစ်ကောင်စီကို လက်နက်တင်ပို့ဖို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးမပြုအောင် အရေးယူ ဆောင်ရွက်သွားမယ့်အကြောင်း ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီဥက္ကဋ္ဌက ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။

"ဘဏ်လုပ်ငန်းတွေ၊ အစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အဖွဲ့ အားလုံးက လက်နက် ရောင်းဝယ်မှုတွေမှာ ပါဝင်တာကို ထိုင်းနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေ မလိုလားဘူးဆိုတာ သဘောတူထားပါတယ်။ ဒီနေ့အထိတော့ ဒီကိစ္စတွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ‌သေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ရေတို ရေလတ်၊ ရေရှည် ‌ဖြေရှင်းမယ့် နည်လမ်းတွေ ရှာဖို့ ကတိပြုထားပါတယ်"ဆိုပြီး ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန် ကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ပြောဆိုသွားတာပါ။ ထိုင်းနိုင်ငံက ဘဏ် ၅ ခု အပါအဝင် နိုင်ငံတကာက ဘဏ် ၁၆ ခုဟာ မြန်မာ စစ်ကောင်စီ အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ယူရေး စစ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းမှု အပါအ၀င် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း ဇွန်လကုန်က ထုတ်ပြန်ခဲ့တဲ့ Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ စစ်လက်နက်နဲ့ စစ်ပစ္စည်း တန်ဖိုးဟာ အရင်နှစ်ကထက် နှစ်ပိုများခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖေါ်ပြပါတယ်။ SCB ဘဏ်ကတော့ ဒီ အစီရင်ခံစာ ထွက်လာပြီး ဘဏ်အတွင်းမှာ သူတို့ဘာသာ ပြန်လည် စုံစမ်း စစ်ဆေးတာတွေ လုပ်ခဲ့တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ ငွေကြေးလွှဲပြောင်းတဲ့ လုပ်ငန်း အားလုံးဟာ ထိုင်းနဲ့ နိုင်ငံတကာ စီးပွားရေးကို အဓိကပံ့ပိုးတဲ့ လူသုံးကုန် ပစ္စည်းနဲ့ ဝန်ဆောင်မှုအတွက် ဖြစ်ပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့အညီ ဆက်စပ် လုပ်ကိုင်ခဲ့တာတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ထိုင်းအမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန်ကော်မတီဥက္ကဋ္ဌကတော့ Tom Andrews ရဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်တွေကို ငြင်းဆိုသွားခြင်း မရှိပါဘူး။ ထိုင်းနိုင်ငံက ဘဏ်တွေနဲ့ မြန်မာနိုင်ငံက ဘဏ်တွေအကြား ချိတ်ဆက်ပြီး လက်နက် ဝယ်ယူမှုတွေ ရှိမယ်ဆိုရင်တောင် ပမာဏအားဖြင့် မဖြစ်စလောက်သာ ရှိနိုင်တယ်လို့ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG