သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လက်နက် ငွေပေးချေမှုတွေမှာ ပါဝင်မှု ထိုင်းဘဏ်ကြီးတွေ တုံ့ပြန်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးမှာကျင်းပတဲ့ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (ဇူလိုင် ၁၁၊ ၂၀၂၄)

မြန်မာစစ်ကောင်စီကို လက်နက်တွေ ဝယ်ယူနိုင်အောင် ထိုင်းနိုင်ငံက ဘဏ်ကြီးတွေက ကူညီ လုပ်ဆောင်ပေးတာတွေ ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ထိုင်းဘဏ်ကြီးတွေက ကာကွယ်ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ကောင်စီက သူတို့ရဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လက်နက် ဝယ်ယူတာတွေ ရှိခဲ့သလား ဆိုတာကို စုံးစမ်းစစ်ဆေးနိုင်လောက်တဲ့ အင်အား သူတို့မှာမရှိဘူးလို့ ထိုင်းဘဏ်တွေက တုံ့ပြန်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ ထိုင်းအစိုးရက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်နေကြတဲ့ ဘဏ်တွေ ဖြစ်ပြီး အစိုးရနဲ့ စည်းမျဥ်းကြပ်မတ်သူတွေက ဘယ်လို အဖွဲ့အစည်းတွေနဲ့တော့ လုပ်ငန်း လုပ်ဆောင်ခွင့် မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြဌာန်းထားမယ်ဆိုရင် သူတို့ဘက်က လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထိုင်းဘဏ်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံက ဘဏ် ၅ ခု အပါအဝင် နိုင်ငံတကာက ဘဏ် ၁၆ ခုဟာ မြန်မာ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ယူတာ၊ စစ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းတာ အပါအဝင် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဇွန်လကုန်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ စစ်လက်နက်နဲ့ စစ်ပစ္စည်းတန်ဖိုးဟာ အရင်နှစ်ကထက် နှစ်ဆ ပိုများခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိတဲ့အကြောင်းလည်း အစီရင်ခံစာက ဖော်ပါတယ်။

ကုလအထူးကိုယ်စားလှယ် Tom Andrews နဲ့ ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ Rangsiman Rome တို့ မနေ့က တွေ့ဆုံချိန်မှာတော့ ကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က အထူးကိုယ်စားလှယ် Andrews ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်တွေကို ငြင်းဆိုသွားခဲ့တာ မရှိသလို၊ မြန်မာစစ်ကောင်စီရဲ့ လက်နက် ရောင်းဝယ်မှုတွေမှာ ထိုင်းဘဏ်တွေ အသုံးပြုလို့မရအောင် အရေးယူ ဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG