ကျန်းမာရေးမကောင်းတဲ့ ထိုင်းဘုရင်ကြီးနတ်ရွာစံသွားပြီ ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။ဒီအတွက် ထိုင်းရောက်မြန်မာတွေအနေနဲ့ ဝမ်းနည်းမူတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
အောက်တိုဘာလ ၁၃ရက်နေ့ မှာထိုင်းဘုရင်မင်းမြတ် နတ်ရွာစံတဲ့အတွက် ထိုင်းနိုင်ငံတဝှမ်းမှာ ဝမ်းနည်းပူဆွေးမူတွေ ဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံသားတွေနည်းတူ ထိုင်းနိုင်ငံထဲမှာ သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ကြပါတယ်။ ဘုရင်ကြီး နတ်ရွာစံသွားတဲ့ အတွက် ဝမ်းနည်းမိတဲ့အကြောင်းနဲ့ ရွေပြောင်းအလုပ်သမားတွေ ဒုက္ခသည်တွေကို ဆယ်စုနှစ်နဲ့ချီပြီးခိုလှုံခွင့်ပေးခဲ့ရုံ သာမက ရွေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကို ပါ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဘုရင်ကြီးရဲ့ ကျေးဇူးတွေ ရှိနေတဲ့အကြောင်း ရွေ့ပြောင်းအလုပ်သမားတဦးက ပြောပြပါတယ်။
“ကျမတို့ မြန်မာနိုင်ငံသားတွေအနေနဲ့က ဒီထိုင်းဘုရင်ကြီးကောင်းလို့သာ ကျမတို့ နေလို့ရတာပေါ့။ တကယ်လို့ ထိုင်းဘုရင်ကြီးက မကောင်းခဲ့ဘူးဆိုရင် မြန်မာနိုင်ငံအနေနဲ့လည်း တော်တော်အနေကျပ်မယ်လေ။ ကိုယ့်တိုင်းပြည်မှာလည်း အနေကျပ်၊ သူများတိုင်းပြည်လာရင်လည်း အနေကျပ် အဲလိုဖြစ်မယ်ပေါ့။ ထိုင်းဘုရင်ကြီးရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားတွေသာမက သူတို့ပေါက်ဖွားလာတဲ့ မျိုးဆက်တွေအတွက်ပါ အနာဂတ် ကောင်းတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ပညာသင်ခွင့်ရတယ်၊ သူတို့ လူမျိုးတွေနဲ့အတူတူ တန်းတူအခွင့်အရေးမရပေမယ့်လည်း ကလေးတွေက ပညာသင်ခွင့်ရတာတွေရော ၊ ပြီးတော့ လွတ်လပ်စွာသွားခွင့်ရတာတွေရော၊ အစစအရာရာပေါ့ မြန်မာပြည်သားတွေအတွက်က သူတို့ တိုင်းသူပြည်သားတွေလောက် အခွင့်အရေးမရပေမယ့် ဒီမှာက အနေချောင်တယ်လို့ ပြောရမှာပေါ့။ ဒီလိုမျိုး ဆုံးသွားတယ်ဆိုတော့ အရမ်းလည်းစိတ်မကောင်းဖြစ်ရတာပေါ့နော်။ ထိုင်းဘုရင်ကြီးဆုံးသွားတယ်ဆိုတော့ ကိုယ့်မိကိုယ့်ဖ ဆုံးတယ်လို့ ခံစားရတယ်။ ထိုင်းဘုရင်ကြီး နတ်ရွာစံသွားတဲ့အခါကျတော့ တိုင်းသူပြည်သားတွေနဲ့ ထပ်တူထပ်မျှ ၊ ကျမတို့က မြန်မာပြည်သူပြည်သားတွေဖြစ်ပေမယ့် ထိုင်းနိုင်ငံသားတယောက်လိုပဲ ယူကျုံးမရ ဝမ်းနည်း၊ ပူဆွေးရတယ်ပေါ့နော် ပြောရမယ်ဆိုရင် ကိုယ့်ရွှေတောင်ကြီးပြိုသွားသလိုမျိုးပေါ့ ၊ အမိအဖဆုံးပါးသွားသလိုမျိုး ခံစားရတယ်။”
ထိုင်းနိုင်ငံထဲမှာဆယ်စုနှစ်နဲ့ ချီနေထိုင် အလုပ်လုပ်ကိုင်ခဲ့တဲ့ ရွေ့ပြောင်းအလုပ်သမားတဦး ကတော့ ထိုင်းဘုရင်ကြီးရဲ့ အမျှော်အမြင်ကြီးမူနဲ့ ထိုင်းနိုင်ငံထဲမှာ သူတို့ပြည်သူပြည်သားတွေအတွက် ရေကာတာတွေတည်ဆောက်တာ၊လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ကောင်းလုပ်ပေးခဲ့တာတွေ ရှိခဲ့တဲ့အတွက် ဘုရင်ကြီးကိုကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဘုရင်ကြီးဟာ နယ်စပ်နေ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းမွန်တဲ့ ဘဝတွေကိုဖန်တီးပေးနိုင်ခဲ့တယ်လို့ အခုလို ပြောသွားပါတယ်။
“မြန်မာပြည်သားဖြစ်တဲ့အနေနဲ့ ဝမ်းနည်းမိတယ်ပေါ့နော်။ သူရှိစဉ်ကာလတုန်းကဆိုရင် ထိုင်းဘုရင်ကြီးက မြန်မာပြည်သားတွေ တင်မက အခြားလူမျိုးတွေကိုပါ စောင့်ရှောက်ခဲ့တာကတွေကို တွေးပြီးကျေးဇူးတင်တာပေါ့။ အခုလို ရုတ်တရက်ဆုံးသွားတဲ့အတွက် အထူးဝမ်းနည်းမိတယ်။ ရေ၊ မီး၊ လမ်းပမ်းဆက်သွယ်ရေးကအစ အကုန်လုံး လိုလေသေးမရှိခဲ့ဘူးပေါ့နော်။ သူ့တိုင်းပြည်ကို သူဦးဆောင်တာ အမျှော်အမြင်ကြီးခဲ့တယ်ပေါ့နော်။ လူတွေကောင်းကျိုးအတွက် သူဆောင်ရွက်ပေးခဲ့တယ်ပေါ့။ မူးယစ်ဆေးဝါး ပပြောက်ရေးကအစ မူးယစ်ဆေးဝါးဖြစ်တဲ့ ဘိန်းအစားထိုးသီးနှံစိုက်ဖို့ကို ဆောင်ရွက်ပေးခဲ့တယ်။ အကုန်သူစီစဉ်ပေးခဲ့တယ်ပေါ့။”
ထိုင်းနိုင်ငံတွင်းမှာ ထိုင်းဘုရင်ကြီး ပြည်သူတရပ်လုံးက လေးစားချစ်ခင်ကြပြီး အားကိုး ယုံကြည်ကြတာပါ ။ ဒီထဲမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေလည်းပါဝင်ပါတယ်။ ထိုင်းဘုရင်နဲ့ ဘုရင်မကြီးရဲ့ မွေးနေ့တွေဆိုရင် ပြစ်ဒဏ်ကျတဲ့ အကျဉ်းသားတွေကို လည်း ပြစ်ဒဏ်တွေ လျော့ပေါ့ပြီးပြန်လွတ်ပေးလေ့ရှိတာပါ ။ မူးယစ်ဆေးဝါးအမူကလွဲရင် ပြစ်ဒဏ်တွေကို လျော့ပေါ့ပြီး ဘုရင်ကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ပေးလေ့ရှိပါတယ်။ ဒီထဲမှာပြစ်ဒဏ်ကျနေကြတဲ့ မြန်မာတွေလည်းပါဝင်ပါတယ်။ ဒီအတွက် အကျဉ်းသားတွေကလည်းပျော်ရွင်ဝမ်းမြောက်ကြတာပါ။ အခုလို ထိုင်းဘုရင်ကြီးနတ်ရွာစံကွယ်လွန်သွားတဲ့အတွက် မြန်မာတွေလည်းထိုင်းပြည်သူတွေနဲ့အတူ ထပ်တူ ဝမ်းနည်းမိတဲ့အကြောင်းတွေကိုလည်းပြောပြကြပါတယ်။
Your browser doesn’t support HTML5