ထိုင်းရောက် MOU မြန်မာအလုပ်သမားတွေ ဆက်အလုပ်လုပ်နိုင်ရေး ညှိနှိုင်း

ပုစွန်တွေကို စီနေတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံ Samut Sakhon ဒေသမှာ တွေ့ရ။ (ဇူလိုင် ၀၄၊ ၂၀၁၇)

[Zawgyi/Unicode]

ထိုင်းနိုင်ငံမှာ အစိုးရချင်း သဘောတူညီချက် MoU နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပေမဲ့ ကပ်ရောဂါကာလမှာ ဆက်လက်ခွင့်ပြုပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

တရားဝင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပြည့်တော့မယ့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေကို ကပ်ရောဂါကာလမှာ အထောက်အထား ယာယီကင်းလွတ်ခွင့်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတာပါ။ ဒီတပတ်ထဲမှာပဲ မြန်မာသံအမတ်ကြီးက ထိုင်းအလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဗွီအိုအေကို ပြောပါတယ်။

“အားလုံးတော့ အဆင်ပြေပါတယ် ဒါတော့ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ နှစ်နိုင်ငံ ညှိနေပါတယ်ဗျ။ လက်ရှိကာလတော့ ကျနော်တို့ ဆွေးနွေးဆဲဆိုတော့ တချို့ ဟာလေးတွေ တင်ပြရမယ့် ဟာလေးတွေ လိုအပ်သေးတာပေါ့။ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်ပြီး ကျနော်တို့ ဝန်ကြီးနဲ့တွေ့ပြီးတော့ ဆွေးနွေးထားတဲ့ အချက်တွေတော့ ရှိပါတယ်။”

SEE ALSO: ဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ပင်မှု ထိုင်းသက်တမ်းတိုး

အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်သက်တမ်း ထပ်တိုးပေးမယ့်အကြောင်း သြဂုတ်လ ၄ ရက်နေ့မှာပဲ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ကြေညာချက်ကို အကောင်အထည်ဖော်ဖို့၊ အလုပ်စာချုပ်သက်တမ်း MoU ၄ နှစ်ပြည့်တော့မယ့် သူတွေကို အထောက်အထား ယာယီကင်းလွတ်ခွင့်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ်မှာ အရေးပေါ်အခြေအနေတွေနဲ့ ပတ်သက်တဲ့ အချက်တွေကိုလည်း စာချုပ်မှာ ထည့်သွင်းနိုင်ဖို့ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ထိုင်းအလုပ်သမား ဝန်ကြီးနဲ့ အောက်တိုဘာ ၁၉ ရက်မှာ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းအစိုးရက MoU လုပ်သားအသစ် ခေါ်ယူဖို့တော့ ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် လတ်တလော ဆိုင်းငံ့ထားဖို့ ရှိနေပါတယ်။ ဒီအတွက်လည်း ထိုင်းနိုင်ငံမှာ အလုပ်သမား ရှားပါးတဲ့ ပြဿနာနဲ့ မကြုံရအောင် ထိုင်းနိုင်ငံက ပြင်ဆင်နေတာလို့လည်း ထိုင်းနိုင်ငံ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“အခုဆိုရင် MoU ကို မြန်မာပြည်က COVID ကာလနဲ့ ရပ်လိုက်တဲ့အတွက် ထိုင်းမှာရှိတဲ့ ( မြန်မာ) အလုပ်သမားတွေ တရားဝင်ဖြစ်သွားတယ်၊ ပြောချင်တာက အလုပ်သမား ရှားပါးသွားတဲ့အတွက် အလုပ်သမားကို တန်ဖိုးထားရမှန်း သိသွားတယ်။ အလုပ်သမားတွေ ပေါနေရင် အဟောင်းတွေကိုထုတ် အသစ်တွေကိုသွင်း။ အဟောင်းတွေက ပြဿနာတက်ရင် လျော်ကြေး၊ နစ်နာကြေး ပေးရမှာ များတယ်၊ အသစ်တွေက နည်းတဲ့အခါကျတော့ MoU တွေကိုပဲ အစားထိုးပြီးတော့ လူဟောင်းတွေကို အပြစ်ရှာပြီး ထုတ်တာပေါ့ဗျာ အလုပ်ရှင်တွေက။”

ထိုင်းနိုင်ငံမှာ MoU နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားက အရင်က ၁,၀၀၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီအထဲက ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံ ပြန်လာတဲ့သူ ၁၃၀,၀၀၀ လောက် ရှိမယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက် ရှိခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ လျော့ပါးလာရာက ကန့်သတ်ချက်တွေ ပြန်လည်လျှော့ပေါ့ပေးလာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5


[Unicode Version]






SEE ALSO: ထိုင်း-မြန်မာ မဲဆောက်နယ်စပ်ကုန်သွယ်ရေး ယာယီကန့်သတ်


