မြန်မာ့အရေး အာဆီယံက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က အဓိကအခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် အာဆီယံအနေနဲ့ အမြန်ဆုံး အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ဖို့ လိုတယ်လို့ လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမတိုင်ခင် ဘန်ကောက်မြို့မှာ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီကနေ့ပဲ ပြောခဲ့တာပါ။

ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ လက်တွဲပြီး သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကပြောပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ တိုးတက်မှုတော့ အနည်းငယ်သာ ရှိခဲ့တာပါ။ ဒီဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံ အဆင့်မြင့် အစည်းအဝေးပွဲတွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပနေပြီး မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတဦး တက်ရောက်ဖို့လည်း စီစဉ်ထားတာပါ။ အာဆီယံအစည်းအဝေးမှာ စစ်ကောင်စီက ကိုယ်စားလှယ် တက်ရောက်မယ့် အစီအစဉ်ကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်တိုက်တွန်း