သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီး မြန်မာကိုယ်စားလှယ် တက်ရောက်ဖွယ်ရှိ


ယခင်မှတ်တမ်းရုပ်ပုံ | ၁၄ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာတွေ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဇူလိုင် ၂၇၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ၁၄ကြိမ်မြောက် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာတွေ့ရတဲ့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဇူလိုင် ၂၇၊ ၂၀၂၄)

အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်ကို စေလွှတ်မယ့်ပုံရပါတယ်။ ဒါကြောင့် ၃ နှစ်အတွင်း အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်တာဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် လာအိုနိုင်ငံ အလှည့်ကျတာဝန်ယူထားချိန်မှာ မြန်မာနဲ့ နီးနီးကပ်ကပ် အပြုသဘောဆက်ဆံပြီး ပြုပြင်ပြောင်းလဲချင်တဲ့ အရိပ်အယောင်တွေရှိတယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“အာဆီယံက ဘယ်လိုပဲ ချဉ်းကပ်ချဉ်းကပ် ပြန်ပြီးတော့ ကောင်းလာနိုင်စရာတော့ သိပ်မရှိဘူး။ ကိုယ့်ပြည်တွင်းရဲ့ ငြိမ်းချမ်းရေးအတွက် ကိုယ့်အချင်းချင်း ဆွေးနွေးပြီးမှ ရလဒ်ကောင်းတွေ ရလာနိုင်တယ်။ ကိုယ်လိုချင်တဲ့အချက်တွေကို အပိုင်ကိုင်ထားတဲ့အခါမှာ ဆွေးနွေးပွဲဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူးပေါ့။"

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက်ရခဲ့ပေမဲ့ စစ်ကောင်စီက အကောင်အထည် မဖော်တဲ့အတွက် နောက်ပိုင်း ထိပ်သီးအစည်းအဝေးတွေမှာ အာဆီယံက မြန်မာခေါင်းဆောင်အဆင့်ကို မဖိတ်ခဲ့ပါဘူး။

နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပုံမှန် အစိုးရတာဝန်ရှိသူတယောက်ကိုသာ အာဆီယံဘက်က အဆင့်နှိမ့် ဖိတ်ကြားခဲ့လို့ စစ်ကောင်စီဘက်ကလည်း စေလွှတ်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ လာအိုနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးနောက် ဝန်ကြီးအဆင့်အစည်းအဝေး ၂ ခုကို နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ယာယီတာဝန်ယူထားသူ ဒေါ်မာလာသန်းထိုက်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးတို့ကို စေလွှတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ခုချိန်ထိ စစ်ကောင်စီက အကောင်အထည် မဖော်တဲ့အတွက် အာဆီယံအဖွဲ့အနေနဲ့ စိတ်ပျက်ကြောင်း လူသိရှင်ကြား ပြောကြားထားပါတယ်။ အာဆီယံ အဖွဲ့ဝင်တွေထဲက စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိနီးရှား၊ မလေးရှားတို့က စစ်ကောင်စီအကြီးအကဲနဲ့ အဆက်အဆံ မလုပ်လိုတဲ့ သဘောတွေ ပြသခဲ့ကြတဲ့အပြင် စင်္ကာပူနိုင်ငံကဆိုရင် စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဘူလို့ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကိုယ်တိုင် ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုင်ငံတကာနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ကြိုးစားနေသလို အင်ဒိုနီးရှားနိုင်ငံဦးဆောင်ပြီး မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ စစ်ကောင်စီက အာဆီယံအစည်းအဝေးကို ကိုယ်စားလှယ်စေလွှတ်တာဟာ လိုအပ်ချက်ကြောင့် သဘောထား ပျော့ပြောင်းလာတဲ့ လက္ခဏာတခုလို့ စစ်တပ်အရာရှိဟောင်းတဦးက ဗွီအိုအေကို ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးတက်မတက် စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG