သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး လျှော့ချမှု စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နိုင်​​​​​​​


ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တီပါတီရဲ့ ဝန်ကြီးချုပ်သစ် Shigeru Ishiba (စက်တင်ဘာ ၃၀၊ ၂၀၂၄)
ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တီပါတီရဲ့ ဝန်ကြီးချုပ်သစ် Shigeru Ishiba (စက်တင်ဘာ ၃၀၊ ၂၀၂၄)

ဂျပန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ် ခန့်အပ်ခြင်းမရှိတော့ဘဲ စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်တာကြောင့် မြန်မာနိုင်ငံအတွင်းက ဂျပန်စီးပွားရေးလုပ်ငန်းတွေ အပေါ် ထိခိုက်နိုင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်တဲ့ ဂျပန်နိုင်ငံထုတ် Nikkei Asai သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတာဝန်ယူခဲ့တဲ့ Ichiro Maruyama ပြီးခဲ့တဲ့ သီတင်းပတ်ကကပဲ တာဝန်ကအနားယူသွားပြီး သူ့နေရာမှာ သံအမတ်အသစ်မခန့်တော့ဘဲ ဒုတိယအကြီးဆုံး သံအရာရှိ Shogo Yoshitake က ယာယီသံရုံးတာဝန်ခံအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ပါတယ်။ သံအမတ်သစ်ခန့်အပ်တာဟာ အာဏာသိမ်းထားတဲ့စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်သလိုဖြစ်သွားနိုင်တဲ့အတွက် နောက်ထပ် မခန့်တော့တာလို့လည်း သံတမန်ရေးသတင်းရပ်ကွက်ကို ကိုးကားပြီး Japan Today သတင်းစာက ရေးသားပါတယ်။

ဂျပန်နိုင်ငံဟာ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလာတဲ့ နောက်ဆုံးနိုင်ငံဖြစ်တယ်ဆိုပြီးတော့လည်း ဖေါ်ပြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနဲ့ ဥရောပနိုင်ငံတချို့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ဆက်ဆံရေး လျော့ချထားပြီးဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း Fumio Kishida အစိုးရဟာ မြန်မာနိုင်ငံ့အရေးကို ပြည်တွင်းရေးအဖြစ်သာ ရှုမြင်ပြီး လက်ငင်းအကျိုးကိုကြည့်တဲ့ စီးပွားဆက်ဆံရေးကို ဆက်လက်စွဲကိုင်ထားတဲ့အကြောင်းနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ဖိအားပေးဖို့ ပျက်ကွက်တဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဝေတဲ့ The Japan Times သတင်းစာက ဝေဖန်ရေးသားခဲ့ပါတယ်။ ဒါ့ကြောင့် အသစ်တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်သစ် Shigeru Ishiba အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကို သတ်ဖြတ်နေရတဲ့အခြေအနေ ရပ်ဆိုင်းသွားအောင် စစ်ကောင်စီကို ပိုပြီး ဖိအားပေး လုပ်ဆောင်ဖို့လိုတယ်ဆိုပြီး တိုက်တွန်းရေးထားထားတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်သစ် Shigeru Ishiba ဟာ ရှေ့သီတင်းပတ် လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရှိပါတယ်။

Forum

XS
SM
MD
LG