သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာကူဇာ-မြန်မာ နျူကလီးယားကိစ္စ သိပ္ပံပညာရှင်တဦး အမြင်


ရေဒီယို သတ္တိကြွအန္တရာယ် ရှောင်ရှားနိုင်ဖို့ သတိပေးချက်။
ရေဒီယို သတ္တိကြွအန္တရာယ် ရှောင်ရှားနိုင်ဖို့ သတိပေးချက်။


မြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆီကနေ နျူကလီးယားပစ္စည်းတွေကို ဂျပန် Yakuza ယာကူဇာဂိုဏ်းခေါင်းဆောင်က တကယ်ရခဲ့တယ်ဆိုရင် မြန်မာအတွက်သာမက တကမ္ဘာလုံးအတွက်ပါ နျူကလီးယား အန္တရာယ်ရှိနေကြောင်း မြန်မာ သိပ္ပံပညာရှင်တဦးက သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးထားတဲ့ ဂျပန် Yakuza ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ကို လက်နက်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဆိုတဲ့ အရင်စွဲချက်တွေအပြင် လက်နက်အထိ ထုတ်လုပ်နိုင်တဲ့ နျူကလီယားပစ္စည်းတွေကိုပါ မှောင်ခိုကူးမှုဆိုတဲ့ စွဲချက်အသစ်ကို ကြာသပတေးနေ့က နယူးယောက်တရားရုံးမှာ ထပ်ပြီး အမှုဖွင့်လိုက်တာပါ။

အခုလို အန္တရာယ်ကြီးလှတဲ့ နျူကလီးယား ပစ္စည်းတွေကို မြန်မာနယ်စပ်ကနေ မှောင်ခိုကူးနိုင်တဲ့အထိ ရောက်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန် Mississippi တက္ကသိုလ်က နျူကလီယား ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ ပထမဆုံး မေးချင်းတာက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံတို့၊ ပလူတိုနီယံတို့ စတဲ့ ပစ္စည်းတွေကို ခု အမေရိကန်မှာ အဖမ်းခံထားရတဲ့ ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa တို့လို၊ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့လိုမျိုးမှာ ရှိနေတယ် ဆိုတာကရော ဘယ်လောက်ထိ ဖြစ်နိုင်မလဲရှင့်။

ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်။ ။ ဒီ ဗုံးလုပ်တဲ့နေရာမှာ အသုံးကျတာက ဒီ ယူရေနီယံရယ်၊ ပလူတိုနီယံရယ် နှစ်မျိုးရှိတယ်။ ယူရေနီယံမှာ သဘာဝအတိုင်းဖြစ်တာ ယူရေနီယံ 238 ရယ်၊ ယူရေနီယံ 235 ရယ်ရှိတယ်။ ယူရေနီယံ 235 ဆိုတာက အနုမြူဗုံးလုပ်တဲ့နေရာမှာ သုံးလို့ရတယ်။ အဲဒီတော့ အဲဒီ 235 က ကွဲပြီဆိုပါတော့ ၊ ပလူတိုနီယံက ဘယ်လိုလုပ် ရလဲဆိုတာကတော့ အလွန် အံ့သြဖို့ကောင်းတယ်။ ဘာလို့ဆို ပလူတိုနီယံ ဆိုတဲ့ကောင်က .. သူ့ရဲ့ အရေအတွက်ပေါ့လေ ၊ ဒီအထဲမှာပါတဲ့ ပရိုတွန် နျူထရွန် စုစုပေါင်းအရေအတွက်က 239 ရိိှတယ်။ ဆိုတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဒီယူရေနီယမ် 238 က တခြား Reaction က ထွက်လာတဲ့ .. နျူထရွန် တခုကို သူက ဖမ်းယူလိုက်ရော။ လုပ်လိုက်ပြီးရင်သူက ယူရေနီယံ 239 ဆိုတာ ဖြစ်သွားတယ်။ တကောင် ကြီးသွားတာပေါ့။ ပြီးမှ 239 ကနေပြီး သူကတခါ အဲဒီထဲမှာရှိတဲ့ ပရိုတွန်တလုံးက .. သူက အီလက်ထရွန်တခု ထုတ်ပြီးတော့ နက်ကျူးနီးယန်းဆိုတာ ဖြစ်သွားတာ။ နောက်ထပ်တခါ အဲဒီလိုမျိုး ဘီတာဒီကေး နောက်ထပ်တခါ ထပ်ဖြစ်တော့မှ သူက ပလူတိုနီယံဖြစ်တာ။ အဲဒါမျိုးဖြစ်ဖို့ ဆိုရင် nuclear reactor ထဲမှာပဲ လုပ်လို့ရတယ်၊ ဘယ်မှာမှ လုပ်လို့မရဘူး ဓါတ်ခွဲခန်းမှာလည်း လုပ်လို့ မရဘူး။ အဲဒီတော့ ဒီ ပလူနီယံ ရတာ တကယ် ဟုတ်နေတယ်ဆိုလို့ရှိရင် Reactor တခု ရှိနေပြီ။ အဲဒါကိုလုပ်ပေးတဲ့ တခုခု ရှိနေပြီ။ တွေ့တာ တကယ်မှန်ပြီဆိုရင် .. ဒါ ဗမာပြည်ထဲမှာ ဒါမှမဟုတ် နယ်စပ်မှာပေါ့လေ .. ဘယ်သူ့အကူညီနဲ့ လုပ်ထားလည်းတော့မသိဘူးပေါ့လေ၊ တခုခုတော့ရှိနေပြီ အဲဒါသေချာတယ်။

Yakuza-မြန်မာ နျူကလီးယား သိပ္ပံပညာရှင်တဦး အမြင်
please wait

No media source currently available

0:00 0:14:45 0:00

မအင်ကြင်းနိုင်။ ။ အဲဒါဆိုလို့ရှိရင် ဒီနျူကလီးယား ဓါတ်ပေါင်းဖို ရှိဖို့ဆိုလို့ရှိရင် ြမန်မာနိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ရှိနိုင်မလား။ ဒါမှမဟုတ် မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေဘက်မှာ ရှိနေတဲ့ ၊ နျူကလီးယားဓါတ်ပေါင်းဖို ကနေတဆင့် ထွက်လာတဲ့ ယူရေနီယံလို့ကော ဖြစ်နိုင်လားရှင့်။

ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်။ ။ ကျနော် မြင်တာကတော့ စစ်တပ်ကလုပ်နေရင် .. စစ်တပ်က တက်ကြွားနေမှာပဲ ..ခုလောက်ဆို လူတိုင်း သိနေလောက်ပြီ။ ဘာလို့ဆို သူတို့က ရုရှားကနေတောင် ဝယ်မလို့လေ လုပ်တယ်မဟုတ်လား၊ အသေးစား Reactor လေးတွေ၊ ဆိုတော့ သူတို့ အဲလိုဝယ်လို့ရှိရင် လက်နက်လုပ်ဖို့ စိတ်ကူးရှိမလား၊ ထွက်လာတဲ့ နျူကလီယာ waste ကို သူတို့ ဘယ်သွားပစ်မလဲ။ ရုရှားကပဲ ပြန်ယူသွားမှာလား။ စဥ်းစားမိတယ်။ အခုဟာက သူက နည်းတာမှမဟုတ်ပဲ။ သူက တန်(၅၀)ရှိတယ်လို့ပြောတယ်။ ပလူတိုနီယံကတော့ ဘယ်လောက်ထိ ရှိတယ်လို့တော့ မပြောဘူး။ စုစုပေါင်း အားလုံး ရောင်းဖို့ သူ့မှာ တန်(၅၀)ရှိတယ်လို့ပြောတာ။ ဆိုတော့ မပြောတတ်ဘူး၊ ကျနော့်စိတ်ထင်တော့ စစ်တပ်က လုပ်တယ်လို့တော့ မထင်ဘူး။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတခုခုက တယောက်ယောက်ရဲ့ အကူအညီနဲ့ သူတို့အဲ့ဒါ ရှိတာဖြစ်လိမ့်မယ်။ ကျနော်က အဲဒီဘက် မရောက်ဖူးတော့ တပ်အပ်တော့ မသိဘူး၊ ကျနော်က မှန်းပြီးတော့ ပြောတာ။ သိပ္ပံပညာအရ ဆိုရင်တော့ ပလူတိုနီယံထုတ်ဖို့က ကျနော်သိတာကတော့ Reactor ရှိမှဖြစ်မှာ။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ဒီလောက် အန္တရာယ်ကြီးတဲ့ နျူကလီးယားပစ္စည်းတွေကိုပေါ့နော် ၊ မှောင်ခိုဈေးကွက်တွေမှာတောင်မှ အရောင်းအဝယ်လုပ်လာတဲ့ အနေအထားကို ကြည့်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ကော ဘယ်လောက်ထိ အန္တရာယ်ကြီးလဲရှင့် ။

ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်။ ။ အဲဒါကတော့ တော်တော်ဆိုးတာ၊ ဘာလို့လဲဆိုတော့ ဥပမာ ဆိုပါတော့ .. မင်းတို့က ပြော ေတာ့ weapons-grade လို့ ပြောပြီးတော့ မဟုတ်ဘူးဆိုပြီး အီရန်က မဝယ်ဘူးဆိုပါတော့ ။ မဝယ်ရင် ဒီကောင်တွေက ပိုက်ဆံလိုချင်တော့ ရတဲ့လူဆီမှာရောင်းမှာ ။ အဲဒီတော့ ဒီဟာက အကြမ်းဖက်အဖွဲ့အစည်းတွေလက်ထဲ ရောက်သွားရင် အနျူမြူဗုံး ဖြစ်စရာတောင်မလိုဘူး။ ဒီအမှုန့်တွေကို လေယာဥ်ပျံနဲ့သယ်ပြီး ပစ်ချလိုက်ရင်တောင် တော်တော်လေး ဒုက္ခရောက်မှာ။ ဗုံး မပြောနဲ့ အရင်ကျနော်ပြောဖူးသလို dirty bomb ပေါ့ ။ ဘာလို့လည်းဆိုတော့ ဒီကောင်တွေက Radio Active ဖြစ်နေတာက နှစ်ပေါင်းများစွာ ဖြစ်နေမှာ ။ ဆိုတော့ အဲဒီနေရာတွေက သုံးလို့ မရအောင်ကို ဖြစ်သွားမှာ။ ဒါကြောင့်မို့ လူတွေက ဒီ dirty bomb ဆိုတာကို ကြောက်တာ။

Forum

XS
SM
MD
LG