ယခင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်နဲ့လက်တွဲခဲ့တဲ့ပါတီနဲ့ ညွန့်ပေါင်း အစိုးရဖွဲ့မယ်လို့ ဖွေထိုင်းပါတီက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ဘွမ်ဂျာထိုင်းပါတီ (Bhumjaithai Party) ဟာ နောက်ဆုံး ရွေးကောက်ပွဲအရ၊ အမတ်နေရာ ၇၁ နေရာရရှိထားပြီး ဖွေထိုင်းပါတီ က ၁၄၁ နေရာရရှိထားတာမို့ စုစုပေါင်း ၂၁၂ နေရာ ရှိနေပြီ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်အောင် အခြားပါတီတွေကိုပါဝင်ဖို့ ကမ်းလှမ်းသွားမယ်လို့ ဖွေထိုင်းပါတီက ကြေညာချက် ထုတ်ပြန်ပါတယ်။
တော်ဝင် အသရေဖျက်မှုဥပဒေကို မပြင်ဆင်တဲ့အပြင် ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးရခဲ့တဲ့ ရှေ့သို့ချီ အဓိပ္ပါယ်ရ Move Forward Party ညွန့်ပေါင်းအစိုးရမှာမပါဝင်ဖို့ သတ်မှတ်ချက် ၂ ချက်နဲ့ ဘွမ်ဂျာထိုင်းပါတီ Bhumjaithai Party က ဖွေထိုင်းပါတီနဲ့ လက်တွဲလိုက်တာဖြစ်တယ်လို့ တနင်္လာနေ့မှာလုပ်ခဲ့တဲ့ ၂ ပါတီ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘွမ်ဂျာထိုင်းပါတီ ခေါင်းဆောင် အနုတင် ချန်ဝီလာကူး (Anutin Charnvirakul) က ပြောပါတယ်။ သူဟာ ပရာယွတ်အစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ်တာဝန်အပြင် ကျန်းမာရေးဝန်ကြီး အဖြစ်ပါ ဆောင်ရွက်ခဲ့သူပါ။
ဖွေထိုင်းပါတီက ဦးဆောင်မယ့်အစိုးရအဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအသစ် မူကြမ်းကိုအဆိုပြုမယ်လို့ ဖွေထိုင်းပါတီရဲ့ခေါင်းဆောင် ချိုလာနန်း ဆရီကော (Chonlanan Srikaew) က ပြောပါတယ်။ လက်ရှိဖွဲ့စည်းပုံဟာ နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တာကြောင့် အဆိုပြုတာဖြစ်ကြောင်း ချိုလာနန်း က ပြောကြားပါတယ်။
ရွေးကောက်ပွဲမှာ အမတ်ဦးရေအများဆုံးရခဲ့တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ဖိတ လင်မ်ဂျာလောင်လတ်ဟာ အောက်လွှတ်တော်မှာ အမတ်ဦးရေ ၃၁၂ ယောက်နဲ့ အများစု မဟာမိတ်အဖွဲ့ကို ဖွဲ့နိုင်ခဲ့ပေမဲ့ ဖွဲ့စည်းပုံအရ စစ်တပ်ခန့် အထက်လွှတ်တော်ကြောင့် အစိုးရမဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5