မြန်မာသတင်းသမားတွေ အကူအညီပေးမယ့် အစီအစဉ် ထိုင်းနိုင်ငံမှာ RSF အဖွဲ့ စတင်

နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ညွှန်ကြားရေးမှူးချုပ် Thibaut Bruttin (စက်တင်ဘာ ၂၆၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မီဒီယာသမားတွေကို အကူအညီပေးမယ့် အစီအစဉ်တခုကို ပြင်သစ်နိုင်ငံက နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့်အပေါ် အပြင်းအထန် ဖိနှိပ်မှုကြောင့် ပြည်ပကို တိမ်းရှောင်ကြရသူတွေ သာမက ပြည်တွင်းမှာ မီဒီယာလုပ်ငန်းတွေ ဆက်လုပ်နေသူတွေကိုပါ ကူညီဖို့ ရည်ရွယ်ထားကြောင်းလည်း RSF က သတင်းထုတ်ပြန်ထားပါတယ်။

ခရီးဆောင်ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီ၊ ဒဂျစ်တယ်လုံခြုံရေး ကိရိယာတွေအပြင် သတင်းသမားတွေ စွမ်းရည်မြှင့်တင်မယ့် သင်တန်းတွေပါ ပို့ချပေးမယ့် အစီအစဉ်ကို RSF ညွှန်ကြားရေးမှူးချုပ် Thibaut Bruttin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စနေနေ့က စတင်လိုက်တာပါ။ လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာမီဒီယာတွေဟာ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ရဲစွမ်းသတ္တိ ပြသနိုင်ခဲ့ကြတယ်လို့လည်း ညွန်ကြားရေးမှူးချုပ်က စစ်ကောင်စီရဲ့ အပြင်းအထန် ဖိနှိပ်မှုနဲ့ ကြုံရပေမဲ့ အခြေအနေမှန်ကို ထုတ်ဖော်တင်ပြဖို့ ကြိုးစားနေသူတွေအတွက် လိုအပ်နေတဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း သတင်းသမားနဲ့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူ ၇ ယောက် ကွပ်မျက်ခံခဲ့ရပြီး၊ အနည်းဆုံး ၁၅၀ လောက် ဖမ်းဆီးခံခဲ့ရသလို၊ ၆၄ ယောက်ကို ဆက်လက် ဖမ်းထားဆဲ ဖြစ်ကြောင်းလည်း RSF က မှတ်တမ်းတင်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာသတင်းသမားတွေ အကူအညီပေးမယ့် အစီအစဉ် ထိုင်းနိုင်ငံမှာ RSF အဖွဲ့ စတင်