သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၂ ယောက်သတ်ဖြတ်ခံရမှု UNESCO ပြစ်တင်


 သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ
သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ တို့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် UNESCO အကြီးအကဲ Audrey Azoulay က ရှုတ်ချလိုက်ပါတယ်။ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်အောင် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့လည်း UNESCO ညွှန်ကြားရေးမှူးချုပ် Azoulay က သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

ပြည်သူတွေကြား သတင်း အချက်အလက်တွေ ရရှိအောင် သတင်းသမားတွေနဲ့ သတင်းလုပ်ငန်း လုပ်ကိုင်သူတွေဟာ မရှိမဖြစ် အရေးပါသူတွေ ဖြစ်သလို၊ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကို ပဋိပက္ခဖြစ်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ကာကွယ်ပေးရမှာ ဖြစ်တယ်လို့ UNESCO ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ဝင်းထွဋ်ဦးနဲ့ အလွတ်သတင်းထောက်ကိုထက်မြတ်သူတို့နေထိုင်နေတဲ့ အိမ်ကို သြဂုတ်လ ၂၁ ရက်နေ့က စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။ သူတို့နှစ်ဦး သတ်ဖြတ်ခံရတာ အပါအဝင် မြန်မာနိုင်ငံတွင်း သတင်းထောက်တွေ ဖမ်းဆီး နှိပ်စက် ခံရတာ၊ ထောင်ချ၊ သတ်ဖြတ်ခံရတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေကလည်း မကြာခဏ တိုက်တွန်း တောင်းဆိုနေကြတာပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဖမ်းဆီး ထောင်ချခံ ထားရတဲ့ သတင်းထောက် ၆၂ ယောက်ရှိပြီး မြန်မာဟာ ကမ္ဘာမှာ သတင်းထောက်တွေကို ထောင်အချဆုံး နိုင်ငံစာရင်းထဲမှာ နယ်စည်းမထား သတင်းများအဖွဲ့ RSF က ထည့်သွင်းထားပါတယ်။ ဒီနှစ်ဆန်းပိုင်း တုန်းကပဲ Dawei Watch အွန်လိုင်းသတင်းဌာနက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တယ်လို့ Dawei Watch အယ်ဒီတာက သိပ်မကြာခင်ကပဲ ပြောဆိုပါတယ်။ ကိုမျိုးမြင့်ဦးကို မေလတုန်းက ထောင်ဒဏ်တသက်၊ ကိုအောင်ဆန်းဦးကို ဖေဖော်ဝါရီလတုန်းက ထောင်ဒဏ် အနှစ် ၂၀ ချခဲ့တာဖြစ်တယ်လို့ အယ်ဒီတာ ကိုကျော်က AFP သတင်းကို ပြောကြားခဲ့ပါတယ်။

သတင်းထောက် ၂ ယောက်သတ်ဖြတ်ခံရမှု UNESCO ပြစ်တင်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG