မြန်မာနိုင်ငံသားတွေကို ထိုင်း−မြန်မာ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးသွင်းနေတဲ့ လူကုန်ကူးမှုဂိုဏ်းက အဓိက တာဝန်ရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေ ပိုများလာတာအပြင် တချို့ အသက် သေဆုံးရတဲ့အထိ အခြေအနေတွေ ဆိုးလာနေတာကြောင့် ခုလို လိုက်လံ နှိမ်နင်းခဲ့တာဖြစ်တယ်လို့ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း ဒုရဲချုပ်က ပြောဆိုသွားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်း−မြန်မာနယ်စပ် မြဝတီ ဘက်ကနေ လူကုန်ကူးတဲ့ ပွဲစားတွေက ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်ခြမ်း မဲဆောက်မှာ တထောက်နား စခန်းလုပ်ပြီး ထိုင်းနိုင်ငံထဲကို လူမှောင်ခို တင်သွင်းနေတဲ့ ထိုင်းနိုင်ငံသား နိုင်ထိချင် ဆိုသူနဲ့ လူကုန်ကူးသူ ၁၈ ဦးကို ဖမ်းမိခဲ့တဲ့အကြောင်း ထိုင်း ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန် ဦးဆောင် ပြုလုပ်ခဲ့တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးမှု လုပ်ငန်းတွေ ပိုမို ကြီးထွားလာနေပြီး လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတွေ မှောက်လို့ သေဆုံးရတဲ့ဖြစ်ရပ်တွေလည်း များပြား လာနေတာကြောင့် လူကုန်ကူးဂိုဏ်းတွေ နှိမ်နင်းဖို့ အမိန့်ပေးခဲ့တာလို့လည်း ထိုင်း ဒုရဲချုပ်က ပြောပါတယ်။
အခုလို လူကုန်ကူးဂိုဏ်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ထိုင်းနိုင်ငံ အယုဒ္ဒယ ခရိုင်၊ ဘန်ပအင် အာရှလမ်းမ ပေါ်မှာ ရဲတွေ လိုက်ဖမ်းလို့ မောင်းပြေးတဲ့ ကားတစင်း တိမ်းမှောက် မီးလောင်ပြီး မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပြီးတဲ့နောက် ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေကို ဆက်တိုက် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ဒု ရဲချုပ်က ရှင်းလင်းသွာတာပါ။
မြန်မာနိုင်ငံအတွင်းက လူကုန်ကူးသူတွေဟာ မြဝတီကနေ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကို ပို့ဆောင်ပြီး နေအိမ်တလုံးမှာ မြန်မာနိုင်ငံသားတွေကို ထိန်းသိမ်းထားပြီး ကား ၉ စီးနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ ထိုင်း−မလေး နယ်စပ်အထိ ပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ထိုင်း ဒုရဲချုပ် ဆူရချေ့ဟတ်ဖန် က သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။
“ထိုင်းဘက် လာချင်သူတွေကို မြန်မာနိုင်ငံကနေတဆင့် နယ်စပ် တောလမ်းတွေကို ဖြတ်ပြီး မြန်မာ ပွဲစားတွေကနေ ခေါ်လာကြပြီး နယ်စပ်မှာတော့ ထိုင်းပွဲစားတွေက လက်ခံခဲ့ပါတယ်။ သူတို့တွေဟာ ဗင်ကားကို အသုံးပြုနေတာပါ။ အဲဒီကားတွေ အရှေ့ကနေ လမ်းကြောင်းကြည့်တဲ့ အဖွဲ့ကိုပါ သုံးပြီး လူကုန်ကူးနေကြတာပါ။ ဆိုးရွားတာကတော့ လူကုန်ကူး သူတွေဟာ ရဲတပ်ဖွဲ့က လိုက်ဖမ်းပြီဆိုရင် အဖမ်းမခံဘဲ မောင်းပြေးလို့ ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားတွေ သေဆုံးနေရတာ ရှိတယ်"
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အခုလို လူကုန်ကူးဂိုဏ်းတွေ နောက်မလုပ်ရဲအောင် ပြစ်ဒဏ် တိုးမြင့်တဲ့ အနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ပိုင်ဆိုင်မှုတွေ သိမ်းမှာ ဖြစ်ပြီး သူတို့ကို ကူညီပြီး ဘဏ်စာရင်း ဖွင့်ပေးသူတွေ၊ ကားစီစဉ်ပေးသူတွေကိုပါ အရေးယူတေ့ာမှာ ဖြစ်တယ်လို့လည်း ထိုင်း ဒုရဲချုပ်က ပြောဆိုသွားပါတယ်။
မကြာသေးခင်တုန်းကပဲ အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ် အမှတ် ၃၄၇ အဝေးပြေး လမ်းမပေါ်မှာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ထိုင်းလူငယ်တဦး မောင်းနှင်တဲ့ကားကို ထိုင်းရဲတွေက ဖမ်းဆီးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းမှာပဲ လူကုန်ကူးခံရတဲ့ မြန်မာတွေ နေ့စဉ်လိုလို အစုအဝေးနဲ့ ဖမ်းမိနေတာလည်း ရှိပါတယ်။
လူကုန်ကူးခံရသူတွေကို သယ်ဆောင်လာတဲ့ ကားတွေဟာ ထိုင်းစစ်ဆေးရေး ဂိတ်တွေမှာမရပ်ဘဲ ထွက်ပြေးမောင်းနှင်တာ၊ ရှောင်ကွင်း သွားလာတာတွေကြောင့် ယာဥ်တိုက်မှုတွေ ဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ မြန်မာတွေ သေဆုံးရတဲ့ဖြစ်ရပ်တွေ အခုနောက်ပိုင်း မကြာခဏ ကြုံလာနေရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5