မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ကိုဆင်ဆာမတင်ပဲ သင်္ကြန်သံချပ်တွေ စပ်ဆိုခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်တချို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး နေအိမ်တွေ လုပ်ငန်းခွင်တွေထဲအထိ ဒီကနေ့ လိုက်လံဖမ်းဆီးနေပါတယ်။ ဒီလိုဖမ်းဆီး တရားစွဲဆိုမှုတွေဟာ NLD အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီရဲ့ အခြေခံသဘောတရား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့ လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားမှုအသံကလည်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီနှစ်မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကာလမှာ မြန်မာနိုင်ငံရဲ့ ခေတ်အခြေအနေ ပြည်သူလူထု လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လက်ရှိနိုင်ငံရေး ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူမှုရေး အခင်းအကျင်းတွေကို ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ သံချပ်အဖွဲ့တချို့ဟာ စိစစ်ရေးဆင်ဆာမတင်ပဲ သံချပ်တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ဒါကြောင့် သင်္ကြန်အကြိုနေ့ကစလို့ သံချပ်အဖွဲ့တွေကို ရေကစားမဏ္ဍပ်တွေ၊ ဆုပေးမဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်မပေးပဲ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က လိုက်လံပိတ်ပင်ခဲ့သလို ဒေသတချို့မှာတော့ လူအင်အားသုံးတားဆီးခဲ့တာကို ကြုံခဲ့ရပါတယ်။
သင်္ကြန်အကျနေ့မှာတော့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က လူငယ်တချို့ကို သူတို့ထိုးတဲ့သံချပ်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၆၆ ဃ ပုဒ်မနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က စစ်တပ်အရာရှိ တဦးကနေ တရားစွဲဆိုလိုက်ပါတယ်။ ဒီကနေ့ သောကြာနေ့မှာလည်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်းကို သူမလုပ်ငန်းခွင် ဆေးရုံမှာ လာရောက်ဖမ်းဆီးခဲ့သလို ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းနဲ့ ကိုဖိုးသားတို့ကိုလည်း နေအိမ်တွေမှာ လာရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
"လက်ရှိ ကျနော်တို့ ဒေါင်းတို့မျိုးဆက်အဖွဲ့က မကေခိုင်ထွန်းဆိုတဲ့ တယောက်ကိုတော့ နေ့လည် ၁၂ နာရီလောက်က လာရောက်ခေါ်ဆောင်သွားတယ်။ ခေါ်ဆောင်သွားပြီးတော့ အခု မရမ်းကုန်းရဲစခန်းမှာ ကျနော်တို့ အာမခံလုပ်နေကြတယ်။ အာမခံလုပ်ပြီးတော့ သူတို့ ပြန်လွှတ်ပေးဖို့တော့ ရှိနေတယ်။ စွဲချက်ပုဒ်မကတော့ ၅၀၅ (က) နဲ့လို့ ပြောတယ်ခင်ဗျ။ သူကို လာဖမ်းတဲ့ ဝရမ်းမှာပါတဲ့ပုံအရဆိုရင်တော့ သူအပါအဝင် နောက်ထပ် ၄ ယောက်ပေါ့လေ.... ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကျနေ်ာ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသား(ခေါ်) ကိုဇော်လင်းထွဋ် အဲ့ဒီ ၄ ယောက်ရယ် မကေခိုင်ထွန်းရယ်.. ၅ ယောက်ပေါ့လေ။ လွန်ခဲ့တဲ့ ၁ ရက် ၂ ရက်ကကျတော့ ကျနော်တို့ကို ပုဒ်မ ၆၆ဃ နဲ့ စွဲတယ်ဆိုပြီးတော့ မရမ်းကုန်းရဲစခန်းကနေ အကြောင်းကြားပြီးတော့ ကျနော်တို့ဆီကို ခဏလာပြီးတော့ စစ်မေးမှုတွေ လုပ်သွားတယ်ဗျ။ အဲ့ဒီတုန်းကတော့ တရားလိုလုပ်တာကျတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒု ဗိုလ်မှူး ဦးသန်းထွန်းမြင့်။ လက်ရှိကတော့ ဘယ်သူတရားစွဲလဲဆိုတာတော့ တရားလိုနာမည်တော့ အတိအကျတော့ ကျနော်တို့ မသိသေးဘူး။ သူပဲ ဖြစ်ဖို့များတယ်လို့တော့ ကျနော်တော့ ခန့်မှန်းတယ်။"
အခုလိုမျိုး သင်္ကြန်သံချပ်ထိုးခဲ့တဲ့အတွက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ ၅၀၅ (က) ဆက်သွယ်ရေးပုဒ်မ ၆၆ဃ တို့နဲ့ တရားစွဲဆိုတာ ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခြေခံသဘောတရား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာနေတာဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောခွင့်လှုပ်ရှားမှုအဖွဲ့ အသံက ဧပြီလ ၁၉ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပါတယ်။ တပ်မတော်ဘက်က သံချပ်အဖွဲ့တွေကို တရားစွဲဆိုမှုတွေကို အမြန်ဆုံးရုပ်ပေးပေးဖို့ကိုလည်း အသံအဖွဲ့က တောင်းဆိုတဲ့အကြောင်း အသံအဖွဲ့က ကိုရဲဝေဖြိုးမောင်က ပြောပါတယ်။
"လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အားဖြင့်ကို တော်တော်လေးကိုမှ ယုတ်လျော့ပြီးတော့ ကျဆင်းလာတယ်လို့ ကျနော်တို့ထင်တယ်၊ သုံးသပ်တယ်ပေါ့နော်။ အဓိကကတော့ သင်္ကြန်မတိုင်ခင်မှာလည်း မင်းထင်ကိုကိုကြီးတို့ကို တပ်ကနေပြီးတော့ ဒီ စပြီးတော့ တရားစွဲခဲ့တာရှိတယ်။ စွဲခဲ့တော့လည်း အာမခံမရအောင်လို့လုပ်တယ်။ ပြီးတဲ့အခါမှာ ထောင်ထဲမှာထည့်ချင်တဲ့ ပုံစံမျိုးလုပ်ပြီးတော့ တရားစွဲခဲ့တယ်။ အဲ့လို သင်္ကြန်အတွင်းမှာ တပ်ကိုပေါ့နော်... အထူးသဖြင့် ဒီ နိုင်ငံအခန်းကဏ္ဍတွေ၊ အခြေခံဥပဒေတွေကို ဝေဖန်ထောက်ပြတဲ့ လူငယ်တွေဦးဆောင်တဲ့ ဒေသတ္တရ အဖွဲ့တွေကို တန်ပြန်ပြီး တရားစွဲဆိုနေတယ်ဆိုတာကတော့ သူတို့အပေါ်မှာ ဝေဖန်တဲ့ ဒီဝေဖန်မှုတွေကို ပါးစပ်ပိတ်ချင်တဲ့ ဝေဖန်မှုတွေကို သူတို့တွေက ရပ်တန့်စေချင်တဲ့ သဘောမှာ ရှိတာပေါ့။ တကယ်တော့ ဒီမိုကရေစီစနစ်မှာကတော့ ကိုယ်မကြိုက်တဲ့ဟာကို ဝေဖန်တာကတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံပဲကို။ လက်ရှိမှာ တပ်က အငြိုးထားပြီးတော့ကိုမှ ဒီဒေါင်းတို့မျိုးဆက်အဖွဲ့အပြင်ပေါ့နော် ဒီသံချပ်ထိုးတဲ့ လူငယ်တွေကို တုံ့ပြန်လာတာ တွေ့ရတယ်ဆိုတော့ ဒါကတော့ မကောင်းဘူးလို့ မြင်တယ်။"
အရင် အာဏာရှင်တွေခေတ်က ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ်တဲ့ သင်္ကြန်သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိခဲ့ပေမဲ့ အဲ့ဒီ့ခေတ်ကတည်းက ကျောင်းသားလူငယ်သံချပ်အဖွဲ့တွေဟာ ဆင်ဆာမတင်ခဲ့ကြသလို အခု အရပ်သားအစိုးရလက်ထက်မှာလည်း ယနေ့ခေတ်အခြေအနေကို လွတ်လပ်စွာ ဖော်ထုတ်တင်ပြကြဖို့ ဆင်ဆာမတင်ပဲ သံချပ်ထိုးခဲ့ကြတယ်လို့ ဒေါင်းတို့မျိုးဆက် က ကိုပိုင်ဖြိုးမင်းကပြောပါတယ်။
"ကျနော်တို့ တောက်လျှောက်လုံး ကျနော်တို့ သံချပ်အတွင်းမှာလည်း ပြောခဲ့ကြတယ်။ ကျနော်တို့ ဝေဖန်ချက်တွေကို မခံနိုင်လို့၊ ကျနော်တို့ သံချပ်တွေကို ကြောက်ကြလွန်းလို့ ဒီလောက်ထိ ရာဇဝတ်သားတွေလို ဆက်ဆံပြီးတော့ လိုက်လံဖမ်းဆီး အရေးယူနေကြတယ်လို့ပဲ ကျနော်တို့က မြင်မိတယ်။ အဲ့ဒီလိုမြင်ခြင်းအားဖြင့် စစ်တပ်ရဲ့ သရုပ်အမှန်ပိုပြီးတော့မှ ပေါ်လာစေတယ်ဆိုတော့ ပါးစပ်နဲ့ ဝေဖန်နေတဲ့သူတွေ၊ ပါးစပ်နဲ့ ပြောဆိုနေတဲ့သူတွေကျတော့ ဒီလောက်တောင် ကြောက်အားလန့်အားနဲ့ အသည်းအသန်တွေ လိုက်ဖမ်းဆီးနေပြီးတော့မှ တကယ်ဖြေရှင်းရမဲ့ ကိစ္စတွေ၊ တကယ်နိုင်ငံရေးဆန်ဆန် ဖြေရှင်းရမဲ့ကိစ္စတွေမှာကျတော့ စစ်တပ်က ပါဝင်မှုတွေ၊ စစ်တပ်ရဲ့ အသံထုတ်မှုတွေ၊ စစ်တပ်ရဲ့ အရေးယူဆောင်ရွက်မှုတွေ မတွေ့ရတော့ နိုင်တဲ့လူကို မဲတယ်လို့ပဲ ကျနော်တိုက အဲ့လိုပဲ ကောက်ချက်ချတယ်။"
အခုလိုစစ်တပ် ခေါင်းဆောင်တွေကို သင်္ကြန်သံချပ်နဲ့ သရော်လှောင်ပြောင်ခဲ့လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ဧပြီ ၁၈ ရက် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5