သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်ကိုထင်ဟပ်စေတဲ့ သံချပ်ဆင်ဆာမတင်တဲ့ လူငယ်သံချပ်အဖွဲ့တချို့ တားဆီးခံရ


သင်္ကြန်သံချပ် (သတင်းဓာတ်ပုံ- ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့)
သင်္ကြန်သံချပ် (သတင်းဓာတ်ပုံ- ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့)

မြန်မာပြည်ရဲ့ ခေတ်အခြေအနေ ပြည်သူလူထုရဲ့ လက်တွေ့ကျတဲ့ဘဝတွေနဲ့ လက်ရှိအခင်းအကျင်းတွေကို ထင်ဟပ်စေတဲ့ သံချပ်တွေနဲ့ လူငယ် သံချပ်အဖွဲ့တွေ မြန်မာနှစ်သစ်ကူး အတာရေသဘင်ပွဲတော်ကို စတင်ဆင်နွှဲနေကြပြီဖြစ်ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ တင်ပြခွင့်ကို ထင်ဟပ်စေတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေကို လူငယ်တွေဘက်က ထုတ်ဖော်တာဖြစ်တယ်လို့ လူငယ်သံချပ်အဖွဲ့တွေက ဆိုပါတယ်။ ဒါပေမဲ့ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တချို့ ဆုပေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်ပိတ်ပင်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး မဟာအတာသင်္ကြန်ကာလရဲ့ သင်္ကြန်အကြိုနေ့ စနေမှာတော့ မြန်မာနိုင်ငံတဝှမ်းလုံးက မြန်မာပြည်သူအပေါင်း အတာရေသဘင်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲနေကြပြီဖြစ်ပါတယ်။ အတာသင်္ကြန်ပွဲတော်ရဲ့ အစမှာတော့ ရေကစားမဏ္ဍပ်တွေနဲ့ ရေကစားနေကြတာတွေ၊ စတုဒိသာအလှူ ကျွေးမွေးတာတွေနဲ့ စည်စည်ကားကားဖြစ်နေသလို မြန်မာ့ရိုးရာ အစဉ်အလာမပြတ် သင်္ကြန်ရဲ့ပြရုပ် သင်္ကြန် သရုပ်သကန်နဲ့ ပီပြင်အောင် ပုံဖော်နိုင်တဲ့ သင်္ကြန်သံချပ်တွေကို စပ်ဆိုနေကြတဲ့ သံချပ်အဖွဲ့တွေရဲ့ သံချပ်သံတွေကိုလည်း ရေကစားမဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ မြင်နေကြားနေရပြီဖြစ်ပါတယ်။

ဒါပေမဲ့လို့ စိစစ်ရေး ဆင်ဆာမတင်ထားတဲ့ လူငယ်သံချပ်အဖွဲ့တချို့တော့ ဆုပေးမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံထားရပါတယ်။ ဘာကြောင့်ပါလဲ။

(သံချပ်တိုင်သံများ)

အခုကြားခဲ့ရတဲ့ အသံကတော့ ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ သံချပ်ထိုးသံဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်အခြေအနေ၊ ပြည်သူလူထု လက်တွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လက်ရှိနိုင်ငံရေး စီးပွားရေး လူမှုရေး အခင်းအကျင်းတွေကို စိစစ်ရေးမတင်ပဲ လက်တွေ့ကျကျ လူထုကို သံချပ်တွေနဲ့ ဖျော်ဖြေ တင်ပြကြမှာ ဖြစ်တယ်လို့ ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ “ဒေါင်းတို့မျိုးဆက်”က ကိုပိုင်ရဲသူက အခုလိုပြောပြပါတယ်။

"ကျနော်တို့ ယုံကြည်တာ သံချပ်ဆိုတဲ့ဟာမျိုးက ဆင်ဆာတင်စရာမလိုဘူး။ ဘာလို့လဲဆိုတော့ သံချပ်ဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်တခုပဲ။ ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ ကျနော်တို့နိုင်ငံက ဒီလွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ဟာကို တန်ဖိုးထားရမယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း လွတ်လပ်စွာပြောဆိုခွင့်ကို တန်ဖိုးထားတယ်၊ ယုံကြည်တယ်။ အဲ့တော့ အဲ့ဒီမိုကရေစီရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကျနော်တို့ ကာကွယ်တယ်။ အဲ့တော့ ကျနော်တို့အနေနဲ့ ဆင်ဆာမတင်ပါဘူး။"

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ သံချပ်ထိုးတဲ့ အလေ့အထဟာ ရိုးရာအစဉ်အလာတရပ်ဖြစ်ခဲ့ပြီး အရင် အာဏာရှင်တွေခေတ်က ပြည်သူတွေရဲ့ လက်တွေ့ဘဝတွေကို ထင်ဟပ်တဲ့ သင်္ကြန်သံချပ်ထိုးခွင့် ပိတ်ပင်ခံခဲ့ရတာတွေ ရှိခဲ့ပေမဲ့ အဲ့ဒီ့ခေတ်ကတည်းက ကျောင်းသားလူငယ်သံချပ်အဖွဲ့တွေဟာ ဆင်ဆာမတင်ခဲ့ကြဘူးလို့ ဒေါင်းတို့မျိုးဆက်က ဆိုပါတယ်။

"သံချပ်ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာတခုပါ။ ဘာလို့လဲဆိုတော့ အစိုးရမင်းတွေရဲ့ ဒီ စီမံခန့်ခွဲမှု၊ အမြီးမှောက်မတည့်မှုတွေ အဲ့တာတွေကို ပြည်သူတွေ သိအောင် ကျနော်တို့က ပြောပြတယ်။ ပြည်သူတွေရဲ့ ရှိနေတဲ့ အခက်အခဲတွေကို အစိုးရမင်းတွေသိအောင် ပြောပြတယ်။ ဒါသံချပ်ဆိုတာ အစိုးရနဲ့ ပြည်သူကို ပေါင်းကူးပေးတဲ့ ပေါင်းကူးတံတားတခုပါ။ အဲ့တော့ ကျနော်တို့နိုင်ငံမှာ သံချပ်တွေဖွံ့ဖြိုးလာခြင်းဟာ ဒီမိုကရေစီရဲ့ အခွင့်အရေးတခုဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ဟာပါ ကျနော်တို့နိုင်ငံရဲ့ ထွန်းကားလာတဲ့ အချက်အလက်တွေပါ။ အဲ့ဒီမိုကရေစီရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကျနော်တို့က ကာကွယ်တယ်။ ကျတော်တို့အနေနဲ့ ဆင်ဆာမတင်ပါဘူး။"

အခု အရပ်သားအစိုးရလက်ထက်မှာလည်း ယနေ့ခေတ်အခြေအနေကို လွတ်လပ်စွာ ဖော်ထုတ်တင်ပြကြဖို့ သံချပ်ထိုးခဲ့ကြတယ်လို့ လူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့အသံ အိုးဝေအသံအဖွဲ့ ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောပါတယ်။

"ဒီနှစ်ကတော့ ကျနော်တို့ နှစ်စဉ်နှစ်တိုင်းလိုပဲ ဒီတိုင်းပြည်မှာရှိတဲ့ အခြေအနေတွေ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ နောက်ငြိမ်းချမ်းရေးပေါ့။ ဒီအခြေအနေတွေကို ကျနော်တို့ အိုးဝေအသံ သံချပ်အဖွဲ့က သံချပ်တွေရေးပြီးတော့ ပြုပြင်စရာတွေ ပြုပြင်နိုင်ဖို့ ကျနော်တို့ သံချပ်ထိုးပါတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်းအတိုင်းပဲ ကျနော်တို့ ဒီလွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ကျနော်တို့ အသိအမှတ်ပြုလေးစားတဲ့အနေနဲ့ ကျနော်တို့အိုးဝေအသံ သံချပ်အဖွဲ့ကို ဆင်ဆာမတင်ပါဘူး။ ဆင်ဆာမတင်တဲ့အတွက်တော့ ဒီနှစ်မှာ ကျနော်တို့ မဏ္ဍပ်တွေမှာတော့ ဖျော်ဖြေခွင့်မရဘူး။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ဆင်ဆာမတင်တဲ့ သံချပ်အဖွဲ့တွေ မဏ္ဍပ်တွေမှာ ဖျော်ဖြေရေးရော၊ ပြိုင်ပွဲရော ဝင်လို့မရတဲ့အတွက် ကျနော်တို့ ဒီရပ်ကွက်တွေထဲမှာပဲ ကျနော်တို့ လိုက်ဖျော်ဖြေပါတယ်ခင်ဗျ"

သင်္ကြန်အကြိုနေ့မှာပဲ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က လိုက်လံပိတ်ပင်ခဲ့သလို လူတချို့က အင်အားသုံးတားဆီးခဲ့တာကိုလည်း ကြုံနေရတယ်လို့ လူငယ်သင်္ကြန်သံချပ်အဖွဲ့တွေကပြောပါတယ်။

ဒေါင်းတို့မျိုးဆက်က ကိုပိုင်ရဲသူက သံချပ်အဖွဲ့ သွားရောက်ခဲ့တဲ့ ဖျော်ဖြေရေးမှာ သူတို့ကြုံခဲ့ရတာသမျှ အခုလိုပြောပြပါတယ်။

"ကျနော်တို့ မနေ့က ဧရာဝတီတိုင်းကို သွားတယ်။ သွားတဲ့အခါမှာ ဒေးဒရဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ကျနော်တို့ သံချပ်ကို လာတားတာမျိုးတွေရှိတယ်။ ဖျော်ဖြေဖို့ ခွင့်မပြုတာကြောင်း ကျနော်တို့ကို လာတားတာတွေကြုံတယ်။ မနေ့ညကဆို ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ အနေအထားပါ။ ကျနော်တို့ ကျောင်းကုန်းကို သွားရောက်ဖျော်ဖြေဖို့ ကြံနေစဉ်မှာ ကျောင်းကုန်းမြို့ထဲ အဝင်မှာ ဒီ လူအယောက် ၈၀၊ ၁၀၀ လောက်ရှိပါတယ်။ မြို့အဝင်လမ်းကို ပိတ်လိုက်ပြီးတော့ လူတံတိုင်းကာပြီး ပိတ်လိုက်ပြီးတော့ ကျနော်တို့ သံချပ်ကားကို တားပါတယ်။ ကျနော်တို့ကို ဆဲဆိုတာမျိုးတွေ၊ ကြိမ်းမောင်းတာမျိုးတွေ၊ ပြီးတော့ လင်ဗန်းတီးတာမျိုးတွေ အဲ့လိုအနေအထားမျိုးတွေ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုးတွေကျနော်တို့ ကြုံရပါတယ်။"

ပြည်သူ့အသံ အိုးဝေအသံ အဖွဲ့အနေနဲ့လည်း သွားရောက်ဖျော်ဖြေမှုတွေမှာ ပိတ်ပင်ခံရတာမျိုး မဏ္ဍပ်တာဝန်ခံတွေကို ဖိအားပေးတာမျိုးတွေ ကြုံခဲ့ရတယ်လို့ ပြောပြပါတယ်။

"ညွှန်ကြားခံရတဲ့ ဒါမှမဟုတ် အမြင်... မျက်မှန်စိမ်းတပ်ပြီး အမြင်စောင်းနေတဲ့ အဖွဲ့တွေကလွဲလို့ ကျနော်တို့ ပြည်သူလူထုတော်တော်များများက ကျနော်တို့ အိုးဝေအသံ သံချပ်အဖွဲ့ရဲ့ သံချပ်တွေကို သဘောကျတယ်။ လူထုကိုယ်စား ကျနော်တို့က အငှားပါးစပ်နဲ့ သံချပ်ထိုးပြီး ရင်ဖွင့်တာဖြစ်တယ်။ အစိုးရတွေအထိတောင် ပြောပြတာဖြစ်တဲ့အတွက် သူတို့အနေနဲ့ကတော့ လိုလိုလားလား လက်ခံကြိုဆိုပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖော်ဆောင်တဲ့အနေနဲ့ ပြည်သူ့ဆန္ဒ နိုင်ငံရဲ့ လက်တွေ့အခြေအနေ ပြည်သူတွေရဲ့လက်တွေ့ဘဝတွေကို ထင်ဟပ်စေမယ့် သင်္ကြန်သံချပ်တွေ ဆင်ဆာကင်း လွတ်ခွင့်ရမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့လို့ သံချပ်အဖွဲ့တွေအနေနဲ့ မိမိတို့ သံချပ်ထိုးမယ့်စကားလုံးတွေ သံချပ်တွေကို ဆင်ဆာတင်ရမယ်လို့ အစိုးရအဖွဲ့တွေက အမိန့်ထုတ်ပြန်ထားပြီး စိစစ်ရေးမတင်တဲ့ သံချပ်အဖွဲ့တွေကို သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့်တွေ ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG