သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ HRW တောင်းဆို


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ၆၆(ဃ) နဲ့တရားစွဲ (ဒေါင်းတို့မျိုးဆက်)
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ၆၆(ဃ) နဲ့တရားစွဲ (ဒေါင်းတို့မျိုးဆက်)

စစ်တပ် ခေါင်းဆောင်တွေကို သင်္ကြန်သံချပ်နဲ့ သရော်လှောင်ပြောင်ခဲ့လို့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရတဲ့ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဧပြီ ၁၈ ရက် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

သံချပ်ထိုးတာဟာ ရာဇဝတ်မှု ကျူးလွန်းတာမျိုးမဟုတ်ပဲ နစ်နာစေလိုတဲ့ ဆန္ဒမပါပဲ သရော် လှောင်ပြောင်မှု တမျိုးသာ ဖြစ်တယ်လို့ HRW ကပြောပါတယ်။

စစ်တပ်ကို ဝေဖန်သရော်တဲ့ သင်္ကြန်သံချပ် တိုင်တာကို Facebook ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့် ခဲ့ပြီးနောက် တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးဖြစ်တဲ့ ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်းနဲ့ ဆုရတနာမြင့်တို့ကို ဧပြီလ ၁၅ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခဲ့တာပါ။

သူတို့ ၄ ဦးကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုလုပ်ပြီး သင်္ကြန်အကြတ်နေ့က မရမ်းကုန်းရဲစခန်းမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သံချပ်အဖွဲ့ဝင်တွေဟာ စိစစ်ရေး ဆင်ဆာ မတင်ပဲ သံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ အစဉ်အလာအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပကတိ အခြေအနေတွေအပေါ် လူထုရဲ့ ခံစားချက်တွေကို ရောင်ပြန်ထင်ဟပ်ပြီး သံချပ်ထိုး သရော်ထောက်ပြလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း သံချပ်တွေမှာ ဝေဖန်ထောက်ပြမှုတွေကိုတော့ မကြာခဏဆိုသလို အာဏာပိုင်တွေက ငြိုငြင်လေ့ရှိသလို၊ အခုအခါမှာ ကြိုတင်ခွင့်ပြုချက် ရယူပြီးမှသာ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က Facebook ပေါ်မှာ စစ်တပ်ကို ဝေဖန်ရေးသားခဲ့တဲ့အတွက် ရုပ်ရှင်ဒါရိုက်တာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမင်းထင်ကိုကိုကြီး ဟာလည်း ၆၆ ဃနဲ့ တရားစွဲခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG