တရုတ်နိုင်ငံက ဖမ်းဆီးခံအမေရိကန် နိုင်ငံသား ၃ ယောက် ပြန်လည်လွတ်မြောက်

အကျဥ်းသားလဲလှယ်ရေးသဘောတူညီချက်အရ အမေရိကန်အကျဥ်းသားတွေကို ပြန်ပို့ပေးတဲ့ ဂျက်လေယာဥ် ဆီဖြည့်ဖို့စောင့်ဆိုင်းနေစဥ်။ (နိုဝင်ဘာ ၂၇၊ ၂၀၂၄)

တရုတ်နဲ့အမေရိကန်ကြား အကျဉ်းသားလဲလှယ်ရေး သဘောတူညီမှုနဲ့ တရုတ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် အိမ်ပြန်လာနေကြပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

မိသားစုတွေ ပြန်လည်ဆုံကြလေ့ရှိတဲ့ Thanksgiving ကျေးဇူးတော်နေ့အမီ Kai Li, Mark Swidan နဲ့ John Leung တို့ အမေရိကန်ကို ပြန်လာနေကြပါပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။ ကျန်းကျန်းမာမာရှိနေကြတာနဲ့ မကြာခင် မိသားစုတွေနဲ့ ပြန်လည်ဆုံတွေ့ နိုင်ကြတော့မယ့်အရေးအတွက် သူဘယ်လောက် ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ အပြန်လမ်းမှာ ရောက်နေကြတဲ့ သူတို့ ၃ ယောက်နဲ့ ဆက်သွယ်စဉ်မှာ ပြောခဲ့ကြောင်း ဝန်ကြီးBlinken က X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ မှားယွင်းဖမ်းဆီးမှု ခံခဲ့ရတယ်လို့ အမေရိကန်အစိုးရ ဖော်ပြပြောဆိုသူ ၃ ယောက် ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လနဲ့ချီကြာအောင် တရုတ်အစိုးရနဲ့ ညှိနှိုင်းခဲ့ရတဲ့ အကျဉ်းသား အပြန်အလှန်လဲလှယ်ရေးသဘောတူညီချက်အရ အမေရိကန်မှာ ဖမ်းထားတဲ့ တရုတ်နိုင်ငံသား ၃ ယောက်ကိုလည်း အမေရိကန်က ပြန်လွှတ်ပေးခဲ့ရပါတယ်။ အမေရိကန်မှာ မှားယွင်းဖမ်းဆီးခံထားရသူ တရုတ်နိုင်ငံသား ၃ ယောက် တရုတ်နိုင်ငံကို ပြန်ရောက် လာကြပြီလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ ပြန်လွတ်လာတဲ့ အမေရိကန် ၃ ယောက်ဟာ နှစ်ရှည်အကျဉ်းချခံထားရသူတွေ ဖြစ်ပြီး Mark Swidan ဆိုရင် သေဒဏ်ချခံထားရပါတယ်။ သူတို့အားလုံးက အပြစ်မရှိကြောင်း ပြောထားကြပါတယ်။

Your browser doesn’t support HTML5

တရုတ်နိုင်ငံက ဖမ်းဆီးခံအမေရိကန် နိုင်ငံသား ၃ ယောက် ပြန်လည်လွတ်မြောက်