မက်ဆီအိမ် ခြံတံတိုင်း ဆေးနဲ့မှုတ်ခံရ

ဥတုရာသီထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ Futuro Vegetal အဖွဲ့ဝင်တွေ ဆေးနဲ့မှုတ်ခဲ့ပြီးတွေ့ရတဲ့ စပိန်နိုင်ငံက နာမည်ကျော် အပန်းဖြေကမ်းခြေကျွန်းဖြစ်တဲ့ အစ်ဘီဇာကျွန်းက လီယွန်နယ် မက်ဆီရဲ့ ခြံတံတိုင်း (ဩဂုတ် ၆၊ ၂၀၂၄)

ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့ အိမ်စည်းရိုး တံတိုင်း ဩဂုတ်လ ၆ ရက်နေ့က ဆေးနဲ့မှုတ်ခံရ ပါတယ်။ စပိန်နိုင်ငံက နာမည်ကျော် အပန်းဖြေကမ်းခြေကျွန်းဖြစ်တဲ့ အစ်ဘီဇာကျွန်းက လီယွန်နယ် မက်ဆီရဲ့ ခြံတံတိုင်းကို ဥတုရာသီထိန်းသိမ်းရေး လှုပ်ရှားသူတွေရဲ့ Futuro Vegetal အဖွဲ့ဝင်တွေ ဆေးနဲ့မှုတ်ခဲ့တာပါ။

ညဘက်မှာ ခြံတံတိုင်းကို ဆေးနဲ့လိုက်မှုတ်နေတဲ့ ဗွီဒီယိုကို အဲဒီလိုလုပ်တဲ့ Futuro Vegetal အဖွဲ့ကပဲ ဖြန့်ချီတာဖြစ်ပါတယ်။ ဗွီဒီယိုနဲ့ ဓာတ်ပုံထဲမှာတော့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး တက်ကြွလှုပ်ရှား ၂ ဦးက "Help the planet, eat the rich, abolish the police" ကမ္ဘာမြေကို ကူညီပါ၊ ချမ်းသာသူများ ဝါးမြိုပါ၊ ရဲစနစ်ကို ဖြုတ်ချပါ ဆိုတဲ့ ဆောင်ပုဒ်ကို ဘောလုံးသမား မက်ဆီရဲ့ အိမ်ရှေ့မှာ ကိုင်ဆောင်ပြီး ဓာတ်ပုံအရိုက်ခံတာ တွေ့ရပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးသူတွေ ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်ပြီး တာဝန်ယူမှုမရှိတာကို ရှုတ်ချတာဖြစ်ပြီး ကမ္ဘာမှာကြုံတွေ့နေရတဲ့ ဥတုရာသီပြောင်းလဲမှု ပြဿနာကို ကမ္ဘာ့အချမ်းသားဆုံးလူများကလည်း တာဝန်ယူပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီက ဒီအိမ်ကို ယူရိုငွေ ၁၁ သန်း၊ အမေရိကန် ဒေါ်လာ ၁၂ သန်းနဲ့ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။