ဖမ်းဆီးထားတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြန်လွှတ်ဖို့ တရားရုံးချုပ် အမိန့်ထုတ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကိုထောက်ခံသူများ အစ္စလာမ်မာဘတ်မြို့က တံတားတစင်းပေါ်တွင်တွေ့ရစဉ် (မတ် ၁၈၊ ၂၀၂၃)

ပါကစ္စတန် နိုင်ငံအနှံ့ ဆူပူဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဖမ်းဆီးမှုဟာ တရားမဝင်တာကြောင့် ပြန်လွှတ်ပေးဖို့ အမြင့်ဆုံး တရားရေး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ တရားရုံးချုပ်က ဒီကနေ့မှာပဲ အမိန့်ချလိုက်ပါတယ်။ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်ဟောင်းရဲ့ ပါတီက လျှောက်လဲချက် တင်ခဲ့တာကြောင့် တရားရုံးချုပ်က ကြားနာဖို့အတွက် ဝန်ကြီးချုပ်ဟောင်းကို ပြန်ခေါ်လာဖို့ ရဲတွေကို တရားသူကြီးက အမိန့်ထုတ်ခဲ့တာပါ။ တရားခွင်ကို ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့အပေါ်မှာ အကြမ်းဖက်ဝါဒီတယောက်ကို ဆက်ဆံသလို ပြုမူဆက်ဆံ ခံခဲ့ရတယ်လို့ တရားရုံးချုပ်မှာ ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံအနှံ့ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်နေချိန်မှာ ဝန်ကြီးချုပ်ဟောင်း အနေနဲ့ ထောက်ခံသူတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ပန်ကြားဖို့လည်း တရားရုံးချုပ် တရားသူကြီးချုပ် Umar Ata Bandial က တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းကို ပြန်လွှတ်ဖို့ အမိန့်ကြောင့် ထောက်ခံသူတွေ တရားရုံးချုပ်အနီး ပျော်ရွှင်နေတဲ့ ပုံတွေလည်း တွေ့ရပါတယ်။ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းဟာ နောက်ပိုင်းမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ အင်္ဂါနေ့တုန်းက ပါကစ္စဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဖမ်းဆီးပြီးတဲ့နောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လူထုဆန္ဒပြပွဲတွေကို ထိန်းသိမ်းနိုင်ဖို့ အစ္စလာမ်မာဘတ်မြို့တော်မှာ ပါကစ္စတန်ရဲတပ်ဖွဲ့တွေ ဒီနေ့ တိုးချထားပါတယ်။ တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းနိုင်အောင် အစ္စလာမ်မာဘတ်မြို့တော်၊ ပန်ဂျပ်ပြည်နယ်နဲ့ Khy-ber Pakh-tun-khwa ပြည်နယ်တွေမှာ စစ်တပ်ရဲ့ အကူအညီပေးဖို့ ဖက်ဒရယ်အစိုးရက မနေ့တုန်းက တရားဝင်တောင်းဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် Khan ကို ရမန်ကြီး ၈ ရက် ချုပ်ထားဖို့ အထူးတရားရုံးမှာ မနေ့တုန်းက အတည်ပြုထားပါတယ်။ ဒါ့အပြင် သူ့အပေါ် အဂတိလိုက်စားမှုနဲ့ သီးခြားစွဲချက်တင်ထားတာတွေလည်း ရှိပါတယ်။ အင်္ဂါနေ့တုန်းက ဝန်ကြီးချုပ်ဟောင်း Khan ရုတ်တရက်အဖမ်းခံလိုက်ရပြီးနောက် နိုင်ငံတဝှမ်း သူ့ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေလည်း ရှိပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးထားတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြန်လွှတ်ဖို့ တရားရုံးချုပ် အမိန့်ထုတ်