၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုကို သိပ္ပံပညာရှင် Moungi Bawendi (မွန်ဂီ ဘာ၀န်ဒီ) ၊ Louis Brus (လူး၀စ် ဘရူစ်) နဲ့ Alexei Ekimov (အဲလက်စီ အက်ကီမော့) တို့ ၃ ဦးက ပူးတွဲ ရရှိသွားကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မတီ - တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ဒီကနေ့ (အောက်တိုဘာ ၄) ကြေညာပါတယ်။
သူတို့ဟာ Quantum dots လို့ ခေါ်ဆိုလို့ရနိုင်လောက်တဲ့ အင်မတန်သေးငယ်တဲ့အဆင့်အထိ ခွဲထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အဲဒီ ရှာဖွေတွေ့ရှိမှုက အခု Nanotechnology (နာနို) လို့ ခေါ်ကြတဲ့ အင်မတန် အရေးပါတဲ့နည်းပညာတခု ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ ဒီ Nanoparticles နဲ့ Quantum dots တွေဟာ LED မီးတွေ ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ် အသုံးဝင်တဲ့ နည်းပညာတခုဖြစ်သလို ခန္ဒာကိုယ်တွင်း အလုံးအကြိတ်တွေရှိတဲ့ နေရာကို အမှတ်အသားပြဖို့နဲ့ ကင်ဆာကြိတ်ရှိတဲ့နေရာတဝိုက် တစ်ရှူးတွေကို ဖယ်ထုတ်ဖို့ နေရာမှတ်တာမှာ သုံးတာပါ။
ဆုရရှိသူတွေဟာ အမေရိကန်ဒေါ်လာ တသန်းနီးပါးရှိတဲ့ ဆွီဒင် ခရောင်းငွေ ၁၁ သန်း ရရှိမှာ ဖြစ်ပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ ဆုရွေးချယ်ရေးကော်မီတီက အပြီးသတ် ဆုံးဖြတ်ချက်မချခင် နိုဘဲလ်ကော်မတီက မမျှော်လင့်ဘဲ အခု ဓာတုဗေဒ နိုဘဲလ်ဆုရရှိသူ ၃ ဦးရဲ့ အမည်စာရင်းကို ထုတ်ပြန်မိလျက်သား ဖြစ်ခဲ့ပါသေးတယ်။