Trump နဲ့ Putin ရန်သူ-မိတ်ဆွေမဟုတ် ပြိုင်ဘက်

၂၀၁၇ တုန်းက သမ္မတ Putin နှင့် Trump တို့ တွေ့ဆုံစဉ်

ရုရှားသမ္မတ Vladimir Putin ဟာ မိတ်ဆွေမဟုတ်သလို ရန်သူလည်း မဟုတ်ဖူးလို့ အမေရိကန်သမ္မတ Donald Trump က သူတို့ ၂ ဦး Finland နိုင်ငံ Helsinki မှာ တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာပဲ ပြောကြားလိုက်ပါတယ်။

သူဟာ ကျွန်တော့် ရန်သူမဟုတ်သလို မိတ်ဆွေလား ဆိုတော့လည်း မဟုတ်ကြောင်းနဲ့ သူ့အကြောင်းကို သိပ်မသိပေမယ့် သူနဲ့ ၂ ကြိမ်မက တွေ့ဆုံခဲ့ရာမှာ ဆက်ဆံရေး သိပ်အဆင်ပြေတယ်လို့ ဘရပ်ဆဲလ်က နေတိုးထိပ်သီးအစည်းဝေးရဲ့ ကြာသပတေးနေ့ သတင်စာ ရှင်းလင်းပွဲမှာ သမ္မတ Trump ကပြောပါတယ်။

ဒါ့အပြင် Putin ဟာ သူနဲ့ ယှဉ်ပြိုင်ဘက် တယောက်ဖြစ်ပြီး တနေ့နေ့မှာ မိတ်ဆွေ တယောက် ဖြစ်လာမယ်လို့ မျှော်လင့်ရကြောင်းနဲ့ ဒီလိုမျိုးဖြစ်လာ တတ်ပေမယ့် သူ့အကြောင်းတော့ သိပ်မသိဘူး လို့လည်း သမ္မတက ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ တနင်္လာနေ့မှာ Helsinki မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ရုရှားရဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ ကြားဝင် နှောက်ယှက်တာ၊ တာလတ်ပစ် နျူကလီယားလက်နက်ဆိုင်ရာ သဘောတူ စာချုပ်ကို ရုရှားက ချိုးဖေါက်တာနဲ့ မဟာဗျူဟာကျ လက်နက် လျှော့ချရေး သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း သမ္မတ Trump ကပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်နှောက်ယှက်မှု ရှိတယ်ဆိုတဲ့ ထောက်လှန်းရေး အသိုင်းဝိုင်းရဲ့ ပြောကြားချက်ကို လက်မခံတဲ့ သမ္မတ Trump အနေနဲ့ ရုရှားခေါင်းဆောင် အပေါ် တင်းတင်းမာမာ ဆက်ဆံပါ့မလားလို့ NATO မဟာမိတ်တွေကတော့ သံသယ ရှိနေကြပါတယ်။ ၂၀၁၄ မှာ ရုရှားက ခရိုင်းမီးယားကို ဝင်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး သဘောမကျကြောင်း သမ္မတ Trump ကပြောသလို သူ့အရင် သမ္မတ Barack Obama က ဒါမျိုး ဖြစ်ခွင့် ပြုခဲ့တယ်ဆိုပြီးလည်း ထပ်ပြီး အပြစ်တင်ခဲ့တာပါ။

Your browser doesn’t support HTML5

Trump နဲ့ Putin ရန်သူ-မိတ်ဆွေမဟုတ် ပြိုင်ဘက်