Trump နဲ့ Biden စကားစစ်ထိုးပွဲ ပုံစံပြောင်းပြုလုပ်မည်

(Zawgyi/Unicode)

သမ္မတ ရွေးကောက်ပွဲအကြို လူချင်းဆုံပြီး စကားစစ်ထိုးပွဲကျင်းပမယ့် အောက်တိုဘာ ၁၅ ရက် ကြာသပတေးနေ့ အစီစဉ် ဖျက်သိမ်းခဲ့တဲ့ နောက် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ဟာ မဲဆန္ဒရှင်တွေနဲ့ town hall ပုံစံ အမေးအဖြေပြုလုပ်ရမယ့် ဒီစကားစစ်ထိုးပွဲအစီအစဉ်ကို တယောက်တနေရာစီ နေပြီး ပါဝင်ကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက် ကြာသပတေးနေ့ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ည ၈ နာရီမှာ သမ္မတထရမ့်က ဖလော်ရီဒါပြည်နယ် Miami မြို့က မဲဆန္ဒရှင်တွေရဲ့ အမေး ဖြေကြားချက်တွေကို NBC သတင်းဌာနက ထုတ်လွှင့်ပေးမှာ ဖြစ်သလို တချိန်ထည်းမှာပဲ Pennsylvania ပြည်နယ် Philadelphia မြို့က မဲဆန္ဒရှင်တွေရဲ့ မေးမြန်းချက် အတွက် ဂျိုးဘိုင်ဒင်ရဲ့ ဖြေကြားချက်တွေကို ABC သတင်းဌာနကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဖလော်ရီဒါနဲ့ Pennsylvania ပြည်နယ် တို့ဟာ သူတို့ ၂ ဦးအတွက် နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၃ ပတ်ပဲ လိုတော့တာ ဖြစ်ပေမယ့် ဒီပြည်နယ် ၂ ခု စလုံးက ဒေသခံတွေဟာ ဘယ်သမ္မတလောင်းကို ပိုနှစ်သက်ကြတယ်ဆိုတာ အခုထိ (သိပ္ပွံနည်းနဲ့) တွက်ချက်လို့ မရသေးပါဘူး။

တနိုင်ငံလုံးဆိုင်ရာ စစ်တမ်းတွေအရ ဂျိုးဘိုင်ဒင်ထက် ပျမ်းမ ျှ ၁၀ မှတ်ပိုနည်းနေတဲ့ သမ္မတထရမ့် ရဲ့ ဖြေကြားချက်တွေကို ထုတ်လွှင့်ပေးမယ့် NBC ဟာ ABC ထက် ကြည့်သူ ပိုများတဲ့ အတွက် သမ္မတထရမ့်ရဲ့ အမေးအဖြ ထုတ်လွှင်ချက်ကို ကြည့်ရှုသူပိုများနိုင်ပါတယ်။

ဘယ်သူ့ကို မဲပေးရမယ် ဆိုတာ မဆုံးဖြတ်ရ သေးတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ ဒီ အမေးအဖြေ ထုတ်လွှင့်ချက် ၂ ခု စလုံးကို ကြည့်ပြီး တူညီတဲ့ မေးခွန်းတွေ အပေါ်မှာ သမ္မတလောင်း ၂ ဦး ဘယ်လို ဖြေကြားတယ်ဆိုတာကို အကဲခတ် ဆန်းစစ် နိုင်ကြမှာ ဖြစ်ပါတယ်။

သမ္မတလောင်း ၂ ဦးဟာ ရွေးကောက်ပွဲမတိုင်ခင် ၁၂ ရက် အလို အောက်တိုဘာလ ၂၂ ရက်နေ့မှာလည်း အလားတူပုံစံနဲ့ ကျင်းပမယ့် နောက်ဆုံး အခြေအတင် စကားစစ်ထိုးပွဲကို ပါဝင် ဆင်နွှဲ ကြမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲ အတွက် ပြည်နယ်အတော်များများမှာတော့ မဲဆန္ဒရှင် ၁၆ သန်းကျော်က ကြိုတင်မဲတွေ ပေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲ မဲဆွယ်ပွဲကြောင့် စိတ်ဝင်တစားနဲ့ ကြိုတင်မဲပေးသူ အများအပြားရှိသလို တချို့ကတော့ ရွေးကောက်ပွဲကျင်းပချိန် မဲပေးဖို့ အချိန်ကြာကြာ တန်းမစီရအောင်နဲ့ ကိုရိုနာဗိုင်းရပ်စ် အကူးစက်မခံရအောင် ကြိုတင်မဲ ပေးကြတာ ဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက ဒုသမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Kamala Harris ဟာ သူ့မဲဆွယ်အဖွဲ့က ၂ ဦး COVID-19 အကူးစက်ခံရတဲ့ အတွက် တနင်္လာနေ့အထိ မဲဆွယ်ပွဲခရီးသွားမှုတွေ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ဘိုင်ဒင့်ရဲ့ မဲဆွယ်အဖွဲ့က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဘိုင်ဒင်ရော Harris ပါ ဒီရောဂါ အကူးစက်မခံရဘူးလို့လည်း ပြောပါတယ်။ သူတို့ ၂ ဦးစလုံး quarantine လုပ် သီးခြားခွဲနေဖို့ မလိုပေမယ့် Harris ကတော့ သတိထားတဲ့ အနေနဲ့ ဒီရက်ပိုင်းအတွင်း ခရီးသွားလာမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

Trump နဲ့ Biden စကားစစ်ထိုးပွဲ ပုံစံပြောင်းပြုလုပ်မည်


...............


(Unicode)








